သဘာဝထဲမှာ ချစ်စရာအကောင်းဆုံးက စိမ်းမြနေတဲ့သစ်ပင်တွေလို့ အမြဲတမ်း တွေးမိပါတယ်။ သစ်ပင်တွေမှာက မမြင်ရတဲ့စွမ်းအားတွေရှိပါတယ်။
တချို့လူတွေက သစ်ပင်ကြီးတွေနဲ့တူပါတယ်။ ယေဘူယျအားဖြင့်ပြောရမယ်ဆိုရင် ဘဝမှာ အောင်မြင်နေတဲ့သူတွေပါပဲ။
အရာဝတ္ထုတစ်ခုဟာ အောက်ခြေခိုင်ဖို့လိုပါတယ်။ ဘယ်အရာဖြစ်ဖြစ် အောက်ခြေမခိုင်နေရင် ယိုင်နေမှာပဲ။ လူတွေလည်းဒီအတိုင်းပါပဲ။
Balance မဖြစ်ဘူး၊ ဟန်ချက်မညီဘူးဆိုရင် ဘယ်သူက ဘာပြောလိုက်ပြောလိုက် ယိမ်းထိုးလှုပ်ခတ်သွားတတ်ကြပါတယ်။
တချို့တွေ မြောက်နေပြီဆိုရင်လည်း လေထဲလွင့်နေတဲ့သစ်ရွက်ကလေးလို လူးလွန့်မျောပါနေတတ်ကြပါတယ်။ တချို့ကလည်း လက်ဖျားကလေးနဲ့ တောက်ချလိုက်တာနဲ့ ဖုတ်ခနဲ ပြုတ်ကျလာတဲ့ မိုးရေစက်ကလေးလို မြေကြီးပေါ်ကျသွားတာနဲ့ အစကိုရှာလို့မရတော့ပါဘူး။
ဒါကြောင့် လူမှာ Mentally Grounded ဖြစ်နေဖို့လည်းလိုအပ်တယ်။ စိတ်ကတည်ငြိမ်နေတယ်။ ခိုင်မာနေတယ်။ ယောက်ယက်ခတ်မနေဘူး။ အနည်ထိုင်နေတဲ့သူတွေဟာ တကယ့်ဘဝနေနည်းကိုသိတဲ့သူတွေပါပဲ။
သူတို့က အမြစ်ခိုင်နေတဲ့သစ်ပင်ကြီးတွေနဲ့တူကြတယ်။ ဘယ်သူကမြှောက်ပင့် မြှောက်ပင့် ဘယ်သူက ပုတ်ခတ် ပုတ်ခတ် ကိုယ့်လမ်းကိုယ် ခိုင်ခိုင်မာမာဆက်လျှောက်နိုင်ကြပါတယ်။
နောက်တစ်ချက်ကတော့ လူတွေဟာ သစ်ပင်တွေလို ကြီးထွားရှင်သန်နေဖို့လည်း လိုအပ်ပါတယ်။
Growing old and Growing up.
အသက်ကြီးလာတာနဲ့ စိတ်တွေပြောင်းလဲရင့်ကျက်လာတာဟာ မတူဘူးလေ။
တချို့ လူပဲကြီးလာကြတယ်။ စိတ်က ကလေးဘဝမှာပဲ ကျန်ရစ်ခဲ့ကြတယ်။
သစ်ပင်တွေလို ကြီးထွားလာရမယ်ဆိုတာက စိတ်တွေ အသိဉာဏ်တွေ ရင့်သန်ကြီးထွားဖို့ကိုသာ ဆိုလိုရင်းဖြစ်ပါတယ်။ Knowledge and Wisdom ပါပဲ။ ကိုယ်နဲ့သက်ဆိုင်တဲ့နေရာတွေမှာ အကြားအမြင်များရမယ်။ ပညာနဲ့ချင့်ချိန် ဆုံးဖြတ်တတ်ရမယ်။
နောက်တစ်ခုကတော့ သစ်ပင်တွေမှာ အရွက်တွေကြွေကျချိန်တွေရှိပါတယ်။ အရွက်သစ်တွေဝေဖို့ အရွက်ဟောင်းတွေကို ခြွေချပစ်လိုက်ကြတာပါပဲ။
ကျွန်မတို့လူတွေမှာ အရွက်ဟောင်းနဲ့တူတဲ့အရာတွေရှိပါတယ်။ အတိတ်က ဒဏ်ရာအနာတရတွေ မကျေနပ်မှုတွေ အငြှိုးအတေးတွေ အစွဲအလမ်းတွေ နောင်တတွေ အများကြီးပါပဲ။
တစ်ခါတလေကျတော့ ကျွန်မတို့ဟာ အဲဒီအရာတွေကို လွှတ်ချမပစ်ဘဲ ဘဝတစ်လျှောက်လုံး အလေးခံပြီး သယ်ဆောင်ထမ်းပိုးထားတတ်ကြပါတယ်။
ဘဝအသစ်ကို ရချင်တယ်ဆိုရင် ဘဝအဟောင်းကို နှုတ်ဆက်ခဲ့ရမှာပါပဲ။
သစ်ပင်တွေလို ကျင့်သုံးပါ။ မြေကြီးပေါ်မှာခိုင်ခိုင်မြဲမြဲ ရပ်နေပါ။ ဆက်လက်ကြီးထွားရှင်သန်နေပါ။ ဘယ်အချိန်မှာ ဘာတွေကိုလွှတ်ချလိုက်ရမလဲဆိုတာကို သိနိုင်ပါစေ။
Be like trees. Stay grounded, keep growing and know when to let things go.
မွန်ဟော်စီ
၂၀၂၀
#monhalsey
#Morningvitamins
#RepostFromFiveYearsAgo
#beliketrees
0 comments:
Post a Comment