“ရေမငတ်ခင်ကတည်းက ကိုယ့်ရေတွင်းကို သေချာတူးထားပါ”
🔳 Dig your well before you are thirsty ဆိုတဲ့ စာအုပ်ရှိတယ်။ စီးပွားရေး လုပ်တဲ့အခါ အဆက်အသွယ်တွေ ဘယ်လိုတည်ဆောက်ထားသင့်တယ် ဆိုတာကို ရေးထားတာ။
Business မှာမှ မဟုတ်ပါဘူး။ ဘယ်မှာမဆို Network က သိပ်အရေးကြီးပါတယ်။ လူဆိုတာ ဘယ်လောက်တော်တော် တစ်ယောက်တည်း ရှင်သန်လို့ရတဲ့အမျိုးမှ မဟုတ်တာ။
အဲဒီအတွက် ကိုယ်တိုင်လည်း Networking လုပ်ရမယ်၊ လူတွေနဲ့ လိုက်တွေ့ရမယ်၊ ဒီလူနဲ့ အလုပ်တွဲလုပ်ခွင့် ရရင်တော့ ငါ့အတွက် ဘယ်လိုအဆင်ပြေသွားမယ် ဆိုတာတွေ တွေးခဲ့ဖူး၊ စဉ်းစားခဲ့ဖူးပါတယ်။
🔳 လက်တွေ့ကျ အတော်ပင်ပန်းတယ်။ ဘာလို့ဆိုတော့ အဲဒီလို အရှေ့ကို စဉ်းစားတွက်ချက်ပြီးမှ လုပ်ရတာ၊ ချိတ်ဆက်ရတာ၊ မိတ်ဖွဲ့ရတာ ကိုယ့်ပုံစံမှ မဟုတ်ပဲကိုး။ Networking, Networking, Networking နဲ့ ပြောလွန်းမက ပြောနေကြတော့ အဲဒီအပိုင်းမှာမှ အားမကောင်းရင်ပဲ ဒုက္ခရောက်တော့မလိုလို ထင်ခဲ့မိတာပေါ့။
Introvert လည်း ဖြစ်ပြန်တော့ လုံးလုံးမသိတဲ့ သူစိမ်းတစ်ယောက်ကို စကားသွားပြောဖို့ဆိုတာ ကိုယ့်အတွက် အတော်ခက်ခဲတယ်။ ကိုယ့်ဘက်ကစ သွားမိတ်ဆက်ဖို့ မပြောပါနဲ့၊ လူများများ ကိုယ့်ပတ်ချာလည်မှာ ရှိနေပြီ ဆိုရင်ကို စိတ်အိုက်လာတာ။
🔳 နောက်၊ စာတွေထဲလည်း မကြာခဏ ထည့်ရေးဖူးတယ်။ ကျွန်တော့်ဘဝမှာ မျှော်လင့်ချက်ထားပြီး လုပ်တာမှန်သမျှက ဖြစ်မလာတာချည်းပဲ။ ဒီလူနဲ့ အဆက်အသွယ်ရရင် ငါ့အတွက် အကျိုးရှိမယ် အပိုင်တွက်ပြီး သွားကြိုးစားလိုက်တိုင်း ဘာမှ ထူးမလာတာက များတယ်။
အဲဒါနဲ့ပဲ ငါ့ပုံစံအတိုင်းပဲ ငါနေတော့မယ် ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။
🔳 အပေါ်မှာ ရေးခဲ့သလို၊ Networking က အရေးမကြီးဘူးလား ဆို ကြီးတာပေါ့။ ကျွန်တော်လည်း ဒီအဆက်အသွယ်တွေ၊ မိတ်ဆွေတွေ၊ ဆရာသမားတွေကြောင့်ပဲ အလုပ်တွေ အဆင်ပြေ၊ ငွေတွေ ရှာနိုင်ခဲ့တာပဲ။
ဒါဖြင့် ကျွန်တော့်ရဲ့ အဓိကလက်နက်က ဘာလဲ၊ ဒီဆက်ဆံရေးတွေကို ဘယ်လိုတည်ဆောက်ခဲ့တာလဲ၊ ငါ့ပုံစံအတိုင်းပဲ နေမယ် ဆိုတာမှာ အဲဒီပုံစံက ဘာလဲလို့ မေးလာရင်တော့ -
၁။ ကိုယ့်သက်ဆိုင်ရာ နယ်ပယ်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှု
၂။ စိတ်စေတနာ
အဲဒီနှစ်ခုလို့ ပြန်ဖြေချင်ပါတယ်။
🔳 လူက ဘယ်လောက်ခင်စရာ ကောင်းနေနေ၊ အပြောအဆို ညက်ပြီး ဆက်ဆံရေး ပြေပြစ်နေပါစေ၊ သူ့သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်မှု မရှိရင် ဘယ်သူမှ အလုပ်တွဲမလုပ်ချင်ပါဘူး။
ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်က ဆက်ဆံရေးကောင်းရင် ရောဂါတစ်ဝက် သက်သာတယ် ဆိုပေမဲ့ ဆေးခန်းသွားတာ သူ့အပြုံးကို ထိုင်ကြည့်ဖို့မှ မဟုတ်တာ။ ရောဂါပျောက်ဖို့က အဓိကလေ။ ရောဂါသာ ပျောက်တယ်ဆို ဆက်ဆံရေး ဒီလောက်မကောင်းလည်း လူနာတွေ ပြုံတိုးပြီး ကုကြတာပဲ။
ဒါကြောင့် ကိုယ့်ကျွမ်းကျင်မှုကိုသာ ကိုယ်ဖြည့်ထား။ ကိုယ်နဲ့ အလုပ်တွဲလုပ်ချင်သူတွေ သူ့အလိုလို ကိုယ့်ဆီ ရောက်လာကြလိမ့်မယ်။ ဆက်သွယ်လာကြလိမ့်မယ်။
🔳 နောက်တစ်ချက်က စိတ်စေတနာ။
ဘာပဲလုပ်လုပ် စေတနာကလေး ထားပြီး လုပ်။ ဘယ်သူ့ကိုဖြစ်ဖြစ် စေတနာကလေး ထားပြီး ဆက်ဆံ။
ဒီလူကတော့ ရေရှည်မှာ ငါ့အတွက် အကျိုးမရှိနိုင်ဘူး၊ ရှိနိုင်တယ် တွေးမနေနဲ့။ ကိုယ်လုပ်နိုင်တာ အကုန်လုပ်ပေးလိုက်။ တုံ့ပြန်တာ မပြန်တာ၊ ကျေးဇူးတင်တာ၊ မတင်တာ သူတို့ကိစ္စ။ ကိုယ့်အနေနဲ့ စိတ်ချမ်းသာတယ်။ နောင်တကင်းတယ်။
🔳 ဒီဘက်နောက်ပိုင်း အပြန်အလှန် မှီခိုတတ်ဖို့ အရေးကြီးတာ ပိုနားလည်လာတော့ သဘောပေါက်လာတာ တစ်ခုရှိတယ်။
“ကိုယ့်ဘက်က စေတနာထားပြီး ကူညီထားရင် သူများဆီက အကူအညီ ပြန်တောင်းရတဲ့အခါ၊ ယူရတဲ့အခါမှာလည်း စိတ်ပိုသန့်တယ်” ဆိုတာပဲ။
🔳 လူတိုင်းနဲ့ ကိုက်မှာတော့ မဟုတ်ဘူး။ ကျွန်တော်နဲ့ တူတဲ့သူတွေကတော့ နားလည်ကြလိမ့်မယ်။ အကူအညီ တောင်းရ၊ ယူရမှာ အင်မတန် တွန့်ဆုတ်တယ်။ အကြွေးတစ်ခုခု ယူလိုက်ရသလိုကို ခံစားရတာ။ ရှက်ရွံ့တယ်။ အားနာတယ်။ ငြင်းခံရမှာ စိုးတယ်။ ငါ့ကိုများ အခွင့်အရေးယူတယ် မြင်သွားမလား တွေးပူတတ်တယ်။
အဲဒါကို ဖြေဖျောက်ဖို့က ကိုယ့်ရဲ့ စိတ်စေတနာကို ပြန်တွေးပြီး အားယူရတာပဲ။ သြော် ငါ တစ်ဖက်သတ် ဆန်နေတာမှ မဟုတ်ပဲ၊ ယူပဲ ယူတတ်တဲ့သူမှ မဟုတ်ပဲ စသဖြင့်ပေါ့။
🔳 ကိုယ်ကူညီထားတာတွေ မြင်တွေ့နေကြတဲ့အခါကျတော့လည်း ကိုယ့်ဆို မဆိုင်းမတွ ပြန်ကူညီပေးကြတာပေါ့။ ကိုယ့်ဘက်ကလည်း အခွင့်ကြုံရင် ကြုံသလို အသိအမှတ် ပြုရတယ်။ ကျေးဇူးပြန်သိတတ်ရတယ်။
ဒီလိုနဲ့ပဲ ကျွန်တော် အလုပ်တွေလုပ်၊ ခုချိန်ထိ ရှေ့ဆက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
🔳 ဒါကြောင့် “ရေမငတ်ခင်ကတည်းက ကိုယ့်ရေတွင်းကို သေချာတူးထားပါ” ဆိုတဲ့ စကားဟာ ကျွန်တော့်အတွက်တော့ -
• အရည်အချင်းကို ဖြည့်ထား။
• စိတ်စေတနာနဲ့ ဘယ်သူ့ကိုမဆို ဆက်ဆံခဲ့။
ဒီလိုအဓိပ္ပါယ်ရတယ်။
🔳 ကိုယ့်ဘက်က ဘာမှမပေးခဲ့ဘဲ လိုပြီဆိုမှ ထဆက်သွယ်ရတာ ကျွန်တော့်အတွက်တော့ ရှက်စရာကောင်းတယ်။ လိပ်ပြာလည်း မလုံဘူး။
အဲဒီလိုပဲ၊ လိုတုန်းက အကူအညီတောင်း၊ မလိုတော့ဘူးဆိုမှ ကျေးဇူးမတင်တတ်၊ စကားလေးနဲ့တောင် ထုတ်ဖော်အသိအမှတ်မပြုတတ်တာမျိုး မဖြစ်အောင်လည်း ကြိုးစားပြီး နေတယ်။
🔳 တချို့ ကျေးဇူးရှိသူတွေက တရေးနိုး ထမေးတောင် ခေါင်းထဲပေါ်တယ်။ အမြဲလိုလို ကူညီပေးခဲ့တာ၊ အလိုအပ်ဆုံး အချိန်တွေမှာ ကူညီပေးခဲ့တာ ဆိုတော့ ဘယ်လိုမှ မမေ့ဘူး။
တချို့ကျ ရုတ်တရက်ဆို မစဉ်းစားမိနိုင်ဘူး။ ဒါကြောင့် စာအုပ်ထဲ ချရေးထားတယ်။ မှတ်တမ်းတင်ထားတယ်။ ကြုံကြိုက်တဲ့အခါ အဲဒါကို ထုတ်ဖော်ပြီး ပြောပြတယ်။
🔳 လူ့ပတ်ဝန်းကျင်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေကြတာပါ။ ကမ္ဘာကြီးက ကျဉ်းကျဉ်းကလေး ဆိုပြီးတောင် ပြောကြသေးတာပဲ။ ကိုယ်ဘယ်လိုနေ၊ ဘယ်လိုထိုင်တယ်၊ ဘယ်လိုစိတ်နေစိတ်ထား ရှိတယ် ဆိုတာ ဟန်ဆောင်လို့ မရပါဘူး။ သိနေကြတာပါပဲ။
ကိုယ်က တစ်ပါးသူတွေကို ကူညီတတ်တယ်။ ကိုယ့်ကို ကူညီဖူးသူတွေကိုလည်း ကျေးဇူးသိတတ်တယ်ဆို အဲဒါကို ကာယကံရှင်တွေကပဲ သိတာ မဟုတ်ပါဘူး။ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်က လူတွေကလည်း သိကြပါတယ်။ တိတ်တိတ်ကလေး အမှတ်ပေးနေကြပါတယ်။ ကိုယ်လိုအပ်ပြီ ဆိုတဲ့အခါ သူတို့ ထွက်ပေါ်လာတတ်ကြပါတယ်။
🔳 ဘယ်သူကတော့ ငါ့အတွက် အရေးကြီးတယ်လို့ တွက်ချက်ပြီး ပေါင်းသင်းတတ်တဲ့သူဟာ အကျိုးအမြတ် ပိုရနိုင်ပါတယ်။ ဘယ်သူနဲ့မဆို မိတ်ဖွဲ့နိုင်တဲ့သူတွေဟာလည်း Network ပိုကျယ်နိုင်ပါတယ်။
ကျွန်တော့်ပုံစံကတော့ အဲဒီလို မဟုတ်နိုင်ဘူး။ ဒါကြောင့် လိုက်လုပ်ပါလို့လည်း မတိုက်တွန်းဘူး။
🔳 အဓိကက တွက်ချက်ပေါင်းတတ်သူဖြစ်ဖြစ်၊ မတွက်ချက်ချင်တဲ့သူဖြစ်ဖြစ်၊ Extrovert ဖြစ်ဖြစ်၊ Introvert ဖြစ်ဖြစ်ပါ၊ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါတိုင်း စေတနာကလေး ထည့်ပြီး ဆက်ဆံစေချင်တာပါပဲ။
အဲဒါဆို ကိုယ့်ရေတွင်းက သူများတွေလောက် မကျယ်ရင်တောင် ကိုယ်ရေငတ်တဲ့အခါတိုင်း ကယ်တင်ပေးမဲ့ ရေတွင်းတစ်တွင်း ဖြစ်လာပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၂.၁.၂၀၂၅
0 comments:
Post a Comment