“လောကဓံတရားတွေကို မတုန်လှုပ်သော စိတ်ဖြင့် ရင်ဆိုင်နိုင်ခြင်း”
🔳 ၃၈ ဖြာမင်္ဂလာထဲကနေ အလျဉ်းသင့်သလို ထုတ်နှုတ်ရေးသားလာခဲ့တာမှာ ဒီတစ်ခါတော့ အချက်နံပါတ် ၃၅ အကြောင်းကို ရေးလိုပါတယ်။
မင်္ဂလာ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ဆရာတော် ဦးဇောတိက စာအုပ်ထဲကနေ ကိုးကားပြီး ထပ်ပြောရရင် “အောင်မြင်ဖို့၊ ကြီးပွားဖို့၊ တိုးတက်ဖို့ရာ အကြောင်းတရားများနဲ့ ပြည့်စုံခြင်း” လို့ ဆိုလိုတယ်။
ဒီအချက်တွေနဲ့ ပြည့်စုံနေရင် ကိုယ့်ဘဝမှာ အောင်မြင်မယ်၊ အဆင်ပြေမယ်၊ ပျော်ရွှင်ရမယ်ပေါ့။
🔳 အခုအချက်ကလည်း ဘဝမှာ သိပ်အရေးကြီးတယ်လို့ မြင်မိတယ်။
လောကဓံ ဆိုတာ လောကဓမ္မ ဆိုတဲ့ စကားလုံးကနေ လာတယ်။ လောကလူသားတိုင်း ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ ရှောင်လွှဲလို့ မရပါဘူး။
ချမ်းသာမယ်။ ဆင်းရဲမယ်။ ချီးကျူးခံရမယ်။ ကဲ့ရဲ့ခံရမယ်။ အခြွေအရံ အသင်းအပင်း နည်းမယ်။ များမယ်။ လာဘ်လာဘ ပေါမယ်။ ရှားမယ်။ ဒီ ၈ မျိုးကို ဘဝမှာ လူတိုင်း လူတိုင်း ကြုံကြရတယ်။ အနည်းနဲ့အများပဲ ကွာကြပါလိမ့်မယ်။
🔳 ခွဲပြီးပြောရရင် အကောင်း ၄ ပါးနဲ့ အဆိုး ၄ ပါးပေါ့။ လူ့သဘာဝအရ အကောင်းတွေနဲ့ ကြုံရရင် ပျော်တယ်။ အဆိုးတွေနဲ့ ကြုံရရင် စိတ်ညစ်တယ်။ ဘဝမှာ ရင်ဆိုင်ရတာတွေအပေါ် မူတည်ပြီး စိတ်ကလည်း အနိမ့်အမြင့် အတက်အကျ လိုက်ဖြစ်နေတယ်။
ဗုဒ္ဓကတော့ မတုန်မလှုပ် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခြင်းကသာ မင်္ဂလာတစ်ပါးလို့ ဆိုထားတယ်။
ဘာဖြစ်လို့လဲ။
အဆိုးပဲဖြစ်ဖြစ်၊ အကောင်းပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်ရင် လမ်းချော်ထွက်သွားစေနိုင်လို့ပါပဲ။
🔳 အဆိုးလောကဓံတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ညစ်တယ်။ စိတ်ဓါတ်ကျတယ်။ ဒီအခါ မဟုတ်တဲ့နည်းတွေနဲ့ ထွက်ပေါက်ပေးမိတတ်တယ်။ အရက်၊ ဆေးလိပ်သောက်တာကနေစလို့၊ မူးယစ်ဆေး စွဲသွားတာအလယ်၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာအဆုံး လုပ်မိသွားတတ်တယ်။
ဘယ်လောက်ကြိုးစားကြိုးစား ဘဝက အဆင်ပြေမလာဘူး။ ဒီလောက်ကောင်းအောင် နေထိုင်ပါလျက်နဲ့ ကဲ့ရဲ့ပြစ်တင်ခံရတယ်။ ကိုယ့်ကို ချစ်တဲ့ခင်တဲ့သူ၊ ကိုယ့်အပေါ် ကောင်းတဲ့သူလည်း မရှိဘူး။ ငွေကြေး၊ ဥစ္စာဓနတွေကို ခက်ခက်ခဲခဲ ရှာဖွေရတယ်။ ပြီးရင်လည်း ရန်သူမျိုးငါးပါးရဲ့ ဖျက်ဆီးမှုနဲ့ လွယ်လင့်တကူ ပျက်စီးသွားတတ်တယ်။
🔳 ဒီလိုတွေ ကြုံရပါ များလာတဲ့အခါ မျှော်လင့်ချက် ကင်းမဲ့လာတယ်။ ငါ ဘယ်လောက်လုပ်လုပ်၊ ဘယ်လိုနေနေ မထူးပါဘူး ဆိုတဲ့အတွေး ဝင်လာတယ်။ အဲဒီကနေ ရေစုန်မျှောလိုက်တော့မယ်၊ နေချင်သလို နေလိုက်တော့မယ် ဆိုတဲ့စိတ်တွေ ဖြစ်လာတယ်။
ဒါကြောင့်လည်း ဘယ်လိုအခြေအနေဖြစ်ဖြစ် မျှော်လင့်ချက်ကို ဘယ်တော့မှ လက်မလွှတ်မိအောင် သင်ယူတတ်ဖို့၊ ဘယ်နှကြိမ်လဲကျလဲကျ မရရအောင် ပြန်ထတတ်ဖို့က ဘဝမှာ သိပ်အရေးကြီးတယ်လို့ ပြောရတာပါ။
🔳 ဒါဖြင့် အကောင်းလောကဓံတွေကျတော့ရော ဘာလို့ မတုန်မလှုပ် ရင်ဆိုင်သင့်တာလဲ။
ရှင်းပါတယ်။ အဆိုးတွေနဲ့ ကြုံရတဲ့အခါ မျှော်လင့်ချက်တွေ ယိမ်းယိုင်သွားတတ်သလို၊ အကောင်းတွေနဲ့ ကြုံရတဲ့အခါမှာလည်း ကိုယ်ကျင့်သိက္ခာတွေ၊ ရပ်တည်ချက်တွေ ယိုင်နဲ့သွားတတ်လို့ပါပဲ။
မရခင်မှာလည်း ဒါတွေကို ငမ်းငမ်းတက် လိုချင်နေမိတဲ့အတွက် မဟုတ်တဲ့နည်းတွေနဲ့ ကြိုးစားမိတတ်တယ်။ ရလာတဲ့အခါမှာလည်း ဘဝင်မြင့်လာတယ်။ မောက်မာလာတယ်။ မာန်တွေ တက်လာတယ်။ ပြန်ဆုံးရှုံးလိုက်ရတဲ့အခါမှာလည်း ပိုပြီး ထိခိုက်ခံစားရတတ်ပါတယ်။
🔳 အဆိုးလောကဓံထက်စာရင် အကောင်းလောကဓံက ပိုတောင်မှ သိမ်မွေ့ပါသေးတယ်။ မသိမသာကလေး ကိုယ့်ကို ပြောင်းလဲသွားစေတာ။ ကုန်ကုန်ပြောရရင် သာမန်လူတွေ မပြောနဲ့၊ ဒီအကြောင်းအရာတွေကို ဟောကြားနေတဲ့၊ လောကီအာရုံတွေကို စွန့်လွှတ်ပြီး သာသနာ့ဘောင် ဝင်သွားတဲ့ သံဃာတော်တွေကအစ ဒီဒဏ်ကို မခံနိုင်ကြဘူး။
နာမည်ကြီးလာတဲ့အခါ၊ ဒကာ၊ ဒကာမ၊ လာဘ်လာဘတွေ ပေါလာတဲ့အခါ ပြောင်းလဲကုန်ကြရော။ ရိုးရိုးရှင်းရှင်း ကျင့်ကြံနေထိုင်ပြီး တရားအားထုတ်ရမဲ့အစား ကားအကောင်းစီးကြီးတွေ စီးပြီး ဒီအာရုံတွေအပေါ်မှာ သာယာကုန်ကြရော။
🔳 ဒီနေ့ခေတ်ဆို အပြိုင်အဆိုင်တွေက တအားများလာတော့ နာမည်ကြီးဖို့ ဘာပဲလုပ်ရလုပ်ရ ဆိုသူတွေ နေရာအနံှ့မှာ တွေ့လာရတယ်။ အရှက်အကြောက်တွေ ကင်းမဲ့ကုန်တယ်။ ဘယ်သူ့ကိုမဆို ဖားဖို့၊ ဒူးထောက်ဖို့ ဝန်မလေးတော့ဘူး။ အဲဒီလိုနည်းနဲ့ ရယူတည်ဆောက်ခဲ့ရတဲ့ နာမည်ကျော်ကြားမှုတွေ မရှိတော့တဲ့အခါမှာလည်း ပြိုလဲကြရတယ်။ နာကျင်ကြရတယ်။ လူမသိသိအောင်၊ ဆိုရှယ်မီဒီယာမှာ Trend မဖြစ်ဖြစ်အောင်တွေ ပြန်လုပ်နေကြရတယ်။
ဘယ်လောက်ပင်ပန်းသလဲ။ အဆင့်အတန်းတွေရော ဘယ်လောက်နိမ့်ကျကုန်သလဲ။ လူမှုအသိုင်းအဝိုင်းအတွက်ရော အဆိပ်အတောက်တွေ ဘယ်လောက်ဖြန့်ဝေမိကုန်သလဲ။
ဒါကြောင့်လည်း အကောင်းလောကဓံတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မတုန်လှုပ်ဖို့ သိပ်အရေးကြီးတာ။
🔳 ကျွန်တော်ကိုယ်တိုင်လည်း ချီးကျူးခံရဖူးတယ်။ ကဲ့ရဲ့ခံရဖူးတယ်။ လူတိုင်းက ကိုယ်နဲ့ ပတ်သက်ချင်တဲ့အချိန်တွေ ကြုံခဲ့ရဖူးသလို၊ ကိုယ်နဲ့ ပတ်သက်လိုက်ရင် အန္တရာယ်တစ်ခုခု ဖြစ်မှာစိုးလို့ ရှောင်နေကြတဲအ့ချိန်တွေလည်း ကြုံခဲ့ဖူးတယ်။
ဆင်းရဲတဲ့အထိတော့ မဟုတ်ပေမဲ့ မပြည့်စုံတဲ့အချိန်တွေ ရှိခဲ့ဖူးသလို၊ ချမ်းသာတယ် မဟုတ်ပေမဲ့ ပိုလျှံတယ်ဆိုတဲ့ အချိန်တွေလည်း ရှိဖူးတယ်။ တစ်ယောက်တည်း ရှင်သန်ရပ်တည်ရတဲ့အချိန်တွေ ရှိပြီး ကိုယ့်ကို စိတ်ရင်းစေတနာနဲ့ ကူညီပေးတဲ့သူတွေနဲ့လည်း ကြုံခဲ့ဖူးတယ်။
လူဖြစ်တဲ့အတွက် ကန်ရေပြင်လို မတုန်မလှုပ် တည်ငြိမ်နိုင်ဖို့ကတော့ ခက်ပါတယ်။ သို့သော် တတ်နိုင်သမျှ အတက်အကျနည်းအောင်တော့ ပြန်ပြန်ထိန်းရတယ်။
🔳 ဒီနေ့ ချီးကျူးနေတဲ့သူတွေကလည်း မနက်ဖြန်ကျ ငါ့ကို ဆဲတဲ့သူတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့အသိကလေး ထားလိုက်။ ဒါဆို သိပ်မတုန်လှုပ်တော့ဘူး။
စာရေးဆရာတွေ၊ အဆိုတော်တွေ၊ အနုပညာရှင်တွေမှာ ပရိသတ်နောက် လိုက်မိတယ် ဆိုတာ ရှိတယ်။ ဒီလူတွေရဲ့ အားပေးမှု၊ ချီးကျူးမှု၊ ချစ်ခင်မှုကိုပဲ ခံချင်လာတဲ့အခါ သူတို့ ဘာကြိုက်မလဲ၊ ဘာနားထောင်ချင်မလဲ၊ ဘာဖတ်ချင်မလဲ၊ ဒါတွေကိုပဲ တချိန်လုံးတွေးပြီး ဖန်တီးနေမိတော့တယ်။ ကိုယ့်စာတွေ၊ ကိုယ့်အနုပညာတွေက မလွတ်လပ်တော့ဘူး။ အရည်အသွေး မပြည့်မီတော့ဘူး။ ချီးကျူးသံ၊ လက်ခုပ်သံကို သိပ်သာယာမိသွားရင် အဲဒီလို ဖြစ်သွားတတ်တာ။
🔳 အုံနဲ့ကျင်းနဲ့ လာဆဲနေတာတွေလည်း ခံရဖူးတာပဲ။ မတုန်မလှုပ်နဲ့ပဲ ရင်ဆိုင်တယ်။ အချိန်တန် ပြီးသွားလိမ့်မယ်။ အမြင်ရှင်းသွားလိမ့်မယ်။ မရှင်းချင်တဲ့သူကလည်း ငါဘယ်လိုရှင်းပြရှင်းပြ ရမှာမဟုတ်ဘူး။ ဒီတော့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်။ ဒီလိုပဲ တွေးပြီး ရင်ဆိုင်လိုက်တယ်။
ရလဒ်ကတော့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေး၊ အလုပ်ပြီးမြောက်မှု၊ အလုပ်ရဲ့ အရည်အသွေး၊ ကိုယ်ကျင့်သိက္ခာ၊ ဒါတွေမှာ အထိအခိုက် အပွန်းအပဲ့ နည်းသွားတာပါပဲ။
🔳 ငြင်းစရာတစ်ခုတော့ ရှိမယ်။ အဲဒီလိုကြီး တည်ငြိမ်နေရတော့ ပျင်းစရာ မကောင်းဘူးလား။ ပျော်စရာနဲ့ တွေ့ရင် ပျော်လိုက်တာ ပိုကောင်းတာပေါ့။
ဟုတ်တယ်။ အကောင်းတရားတွေနဲ့ ကြုံရင်တော့ ပျော်ချင်တာပေါ့။ ဒါပေမဲ့ အဲဒီလို ပျော်တာနဲ့အမျှ အဆိုးတွေနဲ့ ကြုံရရင်လည်း မျက်ရည်ပြန်ကျရလိမ့်မယ် ဆိုတာ သတိချပ်စေချင်တာပါ။
🔳 အပေါ်မှာ ရေးခဲ့သလိုပဲ၊ ကန်ရေပြင်လို တည်ငြိမ်နေဖို့တော့ မဖြစ်နိုင်ပေမဲ့ အတက်အကျ နည်းလေလေ၊ ကိုယ့်ဘဝက အေးချမ်းလေလေပဲ ဖြစ်ပါတယ်။
ဒါကြောင့် လောကဓံတရားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မတုန်မလှုပ် ဖြတ်ကျော်နိုင်ခြင်းဟာလည်း မင်္ဂလာတစ်ပါးပဲလို့ ဗုဒ္ဓက ဆိုခဲ့တာပါ။
ဒေါက်တာ ဖြိုးသီဟ
၁၇.၁၂.၂၀၂၄
0 comments:
Post a Comment