ဒီနေ့မနက်ပဲ Facebook Memory မှာ ချစ်ခင်ရင်းနှီးရတဲ့လုပ်ဖော်ကိုင်ဖက် ဆရာတစ်ယောက်နဲ့ဓာတ်ပုံတွေ တက်လာပါတယ်။ ဒီပုံတွေကိုကြည့်ပြီး သူဆုံးသွားတာမဟုတ်ဘဲ အဝေးမှာရောက်နေတာမျိုးဆိုရင်ကောင်းမှာပဲ ..သူ့ကိုဖုန်းဆက်၊ စာပို့ပြီး ဘယ်လိုလဲ ဘာတွေလုပ်နေလဲ။ နေကောင်းရဲ့လားလို့ မေးချင်လိုက်တာ Check-In လုပ်ကြည့်ချင်လိုက်တာဆိုတဲ့ စိတ်ပေါ်လာပါတယ်။ သူရှိနေတုန်းက ကိုယ်လဲကိုယ့်ကိစ္စနဲ့ကိုယ်မို့ သူ့ကိုလုံလောက်တဲ့ Check-In မလုပ်မိခဲ့ဘူး။ နောက်ဆုံး ကွယ်လွန်ပြီဆိုတော့မှ သူမရှိတော့တဲ့သူ့အိမ်ကို အပြေးအလွှားသွားခဲ့ရတာမျိုးပါပဲ။
ဒီလိုအဖြစ်အပျက်တွေက ကျွန်မတို့ဘဝမှာ အများကြီးပါပဲ။ ဒါကြောင့် ဒီနေ့ဘာလုပ်မယ်ဆိုတဲ့ To Do List ကိုချရေးထားတဲ့ စာရွက်အပိုင်းလေးတွေမှာအခုနောက်ပိုင်း ကျွန်မသူငယ်ချင်းတွေရဲ့နာမည်လေးတွေပါလာပါတယ်။
ဥပမာ စုစုဆီဖုန်းဆက်ရန်ဆိုတာမျိုးပေါ့။ သူ့သမီးလေးက နိုင်ငံခြားပညာတော်သင်သွားတော့မယ်။ ပြင်ဆင်ထုပ်ပိုးပြီးပြီလား။ အမေရော စိတ်ခံစားမှုတွေအဆင်ပြေနေရဲ့လား။ ကြိုတင်လွမ်းနေပြီလား စသည်ဖြင့်မေးမြန်းဖို့ဖြစ်ပါတယ်။
ဒါက ကိုယ့်ချစ်ရခင်ရတဲ့သူငယ်ချင်းတစ်ယောက်ကို အလေးထားစိတ်နဲ့ Check-In လုပ်တာပါပဲ။ ဒီရက်ပိုင်းဘာတွေလုပ်နေလဲ။ မိသားစုတွေရော နေကောင်းရဲ့လား။ အလုပ်ရောဘယ်လိုနေလဲ။ ပျော်ရွှင်နေရဲ့လား စသည်ဖြင့် သာကြောင်းမာကြောင်းမေးမြန်းပြောဆိုတာမျိုး ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဂရုစိုက်မှုလေးတစ်ခု မေးမြန်းမှုလေးတစ်ခု စကားလေးတစ်ခွန်းဟာ သူ့ဆီမှာ စိတ်မွန်းကြပ်မှုတွေ ဒဏ်ရာတွေရှိနေတယ်ဆိုရင် သူ့ကိုထွေးပွေ့လိုက်သလိုပဲ ခံစားရမှာ ဖြစ်ပါတယ်။
ကျွန်မတို့အသက်အရွယ်မှာ အလုပ်တွေလည်းများတာကြောင့် အချင်းချင်းတကူးတက အချိန်ပေး ချိန်းဆိုပြီးမတွေ့ဆုံကြဘူးဆိုရင် ဘယ်တော့မှတွေ့ဖြစ်ကြမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ်တန်ဖိုးထားရတဲ့ သူငယ်ချင်းတွေနဲ့ပတ်သက်ရင် သက်သက်အချိန်ပေးပြီး တွေ့ဆုံတာ၊ ဖုန်းဆက်တာ Message ပို့တာမျိုးတွေလုပ်ရတာဖြစ်ပါတယ်။
အသက် ၄၀ ကျော်မှာ အမျိုးစုံသောလူတွေနဲ့ အပေါင်းအသင်းတွေဖြစ်ခဲ့ဖူးပေမယ့် တကယ်တမ်းကိုယ်ဘေးနားမှာကျန်တဲ့သူဟာ လက်ချိုးရေလို့ရသလိုဖြစ်နေခဲ့ပါပြီ။ လူတွေအများကြီးနဲ့သိတယ်။ ဒါပေမဲ့ တကယ်ဂရုစိုက်ရမယ့်သူက သိပ်မကျန်တော့တာမျိုးဖြစ်နေတတ်ပါတယ်။
ကိုယ်နဲ့သက်တူရွယ်သူတွေရဲ့ နာရေးတွေကို ပို့ဆောင်ခဲ့ရတာလည်း တော်တော်များလာပြီလို့ပြောရမှာဖြစ်ပါတယ်။ Facebook ထဲမှာလည်း လူတွေတော်တော်နည်းလာတယ်။ ကျွန်မမှာ အရင်တုန်းက Facebook သူငယ်ချင်း နှစ်ထောင်ကျော်ရှိပေမယ့် အခုတော့ ရှစ်ရာလောက်ပဲရှိပါတော့တယ်။ လူမှုဆက်ဆံရေးတွေမှာ အရေအတွက်ထက် အရည်အသွေးကိုဦးစားပေးလာတဲ့ သဘောပါပဲ။
အခုလိုအချိန်မှာ Friend List ထဲမှာ ကျန်နေသေးတဲ့သူတွေက ကိုယ့်တကယ်လေးစားချစ်ခင်ရတဲ့သူတွေဖြစ်တယ်။ ကိုယ်တကယ်စိတ်ဝင်စားရတဲ့သူတွေဖြစ်တယ်။ လူချင်း သိပ်မရင်းနှီးပေမယ့် စိတ်ပိုင်းဆိုင်ရာအရ ကိုက်ညီမှုရှိတဲ့သူတွေဖြစ်တယ်။ ကိုယ့်ကိုစိတ်အနှောင့်အယှက်မပေးတဲ့သူတွေဖြစ်တယ်။တကယ်ရင်းနှီးခင်မင်ပြီး ဟန်ဆောင်စရာမလိုတဲ့သူတွေဖြစ်တယ်။
Facebook ကလည်းရှိနေတဲ့သူငယ်ချင်းတောင် အကုန်မြင်ရတာမျိုးမဟုတ်ဘူး။ ကျွန်မတို့ရဲ့ မျက်စိရှေ့မှာ သူငယ်ချင်းတစ်ယောက် ပျောက်နေရင် သူ့ကို မေ့လျော့ သွားတာပါပဲ။ Memory မှာပြန်ပေါ်လာတဲ့အခါကျမှ အော် သူနဲ့ကိုယ်နဲ့တော်တော်ခင်ခဲ့ဖူးတာပဲလို့ ပြန်သတိရတာမျိုးလည်းရှိတယ်။ ဒါပေမဲ့ အချင်းချင်း Check-In မလုပ်ကြတော့ဘူး။ စကားမပြောကြတော့ဘူးဆိုရင် အနေဝေးပြီးသွေးအေးသွားကြတာအမှန်ပါပဲ။
တချို့လည်းပဲ ရုတ်တရက်ပြန်ပေါ်လာတော့မှ ကင်ဆာအဆင့်လေးတို့ဘာတို့ ဖြစ်နေတာမျိုးလည်း ဝမ်းနည်းစရာ ကြုံတွေ့ခဲ့ရဖူးပါတယ်။
အသက် ၄၀ ကျော်ရောက်တဲ့အချိန်မှာ ဘဝရဲ့အမျိုးမျိုးသော အခန်းကဏ္ဍတွေပြောင်းလဲလာတတ်ပါတယ်။ အချိန်တွေ တစ်နေရာတည်းရပ်မနေသလို မိတ်ဆွေတစ်ဦးချင်းစီရဲ့ဘဝမှာလည်း ပြောင်းလဲမှုတွေရှိနေပါလိမ့်မယ်။
ကျွန်မတို့အဖို့ မိတ်ဆွေတွေဟာ ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ အလုပ်ရှုပ်နေတဲ့ကြားထဲကပဲ အချင်းချင်း သတိတရနဲ့
Check-In လုပ်ပေးဖို့ လိုပါတယ်။ သူတို့ရဲ့ဘဝအခြေအနေကို မေးမြန်းဖို့၊ သူတို့ရဲ့အတွေ့အကြုံတွေကို နားထောင်ဖို့၊ သူတို့ရဲ့စိတ်ခံစားချက်တွေကို ဝေမျှ ခံစားပေးဖို့ လိုပါတယ်။
Facebook မှာ Rest in Peace ဆိုတဲ့စာတွေ့မှသာ သူငယ်ချင်းတစ်ဦးကို ဆုံးရှုံးလိုက်ပြီဆိုတာ သိရမယ့်အစား ပုံမှန် Check-In လုပ်ခြင်းနဲ့ သူတို့ရဲ့အခြေအနေကို စောစီးစွာ နားလည်ဖို့ အချိန်ယူရပါမယ်။ အချိန်ရှိနေတုန်းမှာ တစ်ယောက်နဲ့တစ်ယောက် Follow-Up လုပ်ဖို့ Check-In လုပ်ဖို့ ဝေမျှနားထောင်ဖို့က အရေးကြီးပါတယ်။
မွန်ဟော်စီ
၂၀၂၄
#monhalsey
#RedefiningLife
0 comments:
Post a Comment