ယခု ကျွန်တော် တင်ပြမဲ့ ဆောင်းပါးလေး ဟာ ကျွန်တော်
ကိုယ်တိုင်တွေ့ ကြုံခဲ့ ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးကို
ကစားသမားတွေ သိရှိ ဗဟုသုတ ရရှိစေရန်အတွက် ရည်ရွယ်၍ ရေးသားခြင်း
ဖြစ်ပါသည်[ လူနာမည်များနှင့် တစ်ချို့ ကိစ္စရပ်များကို
ချန်လှပ်ခဲ့ပါသည်။ ကာယကံ ရှင်၏ ခွင့်ပြုချက်ဖြင့်
တင်ပြအပ်ပါသည်။]။
တစ်နေ့ ကျွန်တော် gym မှာ ရှိနေတဲ့
အချိန်မှာ လူငယ်တစ်ဦးရောက်လာပါတယ်။ ခန္ဓာကိုယ်
အချိုးအစားပြေပြစ်ပြီး၊ အရပ်အမောင်း အသင့်အတင့်ရှိပါတယ်။
ကြည့်လိုက်ရုံ နဲ့ ကစားထားတဲ့ ပုံမှန်း တန်းပြီး သိနိုင်ပါတယ်။
ကြွက်သားတွေ က အရမ်းအကြီးကြီး မဟုတ်သလို သေးတဲ့ အထဲ မှာတော့
မပါပါဘူး။ကြွက်သားတွေ အသင့်အတင့်ရှိပါတယ်။ တွေ့ တွေ့ ခြင်း သူကပဲ
မိတ်ဆက်ပြီး စကားပြောဖြစ်ပါတယ်။ သူ့ရဲ့ အကြောင်းကို
စပြီးပြောပါတယ်။
သူနှင့် သူ့၏ ကျောင်းနေဘက် သူငယ်ချင်းတို့
အလောင်းအစားပြုလုပ်၍ လောင်းကြေးထပ်ထားကြောင်း၊ နောက် (၄) လ
ကြာလျှင် ကြွက်သားတွေ ဘယ်သူပိုကြီးသလဲ ဟု ပြိုင်မည်ဖြစ်ကြောင်း
ပြောပါသည်။တစ်ယောက်နှင့် တစ်ယောက် ပြိုင်မည်ဖြစ်သောကြောင့်
သူလည်း သူကြိုက်သည့် gym ကိုရွေးချယ်ကြောင်းနှင့်
ကျွန်တော်လည်း ကျွန်တော်ကြိုက်သည့် gym ကိုရွေးချယ်၍
လေ့ကျင့်ကြောင်းပြောပါသည်။ သူဆက်ပြောသည်မှာ...ကျွန်တော်လည်း
အပြိုင်အဆိုင် ဖြစ်တဲ့အတွက် မိမိဘက်က အားထည့်ပြီး gym ပိတ်ရက်မှ
လွဲ၍ ကြိုးစားပန်းစား လေ့ကျင့်ခဲ့ပါတယ်။ ကျွန်တော့် ကို
ကျွန်တော်တော့ တော်တော်လေး တိုးတက်လာခဲ့တယ်လို့ ထင်ခဲ့ပါတယ်။
ခန္ဓာကိုယ် အတန်အသင့်ပြောင်းလဲလာခဲ့ပါတယ်။ ဒီလိုနဲ့ (၃) လပြည့်တော့
သူနဲ့ တွေ့ဖို့ချိန်းဆိုပြီး ပြန်တွေ့ခဲ့ပါတယ်။ သူနဲ့ပြန်တွေ့တဲ့
အချိန်ကြတော့ သူက ကျွန်တော်မျှော်မှန်းထားတာထက်
အတော်လေးပြောင်းလည်း နေတာတွေ့ရပါတယ်။ကျွန်တော့်
ထက်သာတယ်ပေါ့ဗျာ ဟု ထည့်သွင်းပြောဆိုသွားပါသေးတယ်။ နောက်ထပ်
တစ်လ အချိန်ကျန်သေးတာဖြစ်တဲ့ အတွက် ကျွန်တော်လည်း အရင်ကထက်
ပို ကြိုးစားပြီး ကစားခဲ့ပါတယ်။ (၄) လပြည့်သွားတော့ သူက
အတော်ကိုပြောင်းလည်းသွားတာကို တွေ့ရပါတယ်။
ကျွန်တော်လည်း
gym မကောင်းလို့ ငါသူ့လောက် မတိုးတက်တာပဲနေမယ်၊ သူကစားတဲ့ gym ကို
ပြောင်းကစားတော့မယ်လို့ ဆုံးဖြတ်ပြီး သူ့ကစားတဲ့ gym ကို
ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ သူကစားတဲ့ gym ကိုရောက်တော့ သူက ကစားတဲ့
အခါ ကစားပြီး၊ မကစားတဲ့ ရက်တွေ လည်းရှိနေတာ တွေ့ရပါတယ်။
ကျွန်တော်လည်း သူ့ထက်သာ ပြိုင်ချင်နေတော့ မင်း မကစားတဲ့
ရက်တွေမှာ ငါက မင်းထက်ပိုပြီး အားထည့်ကစားတာပေါ့ကွာ လို့
ဆုံးဖြတ်ပြီး သူ့ကို သာချင်ဇောနဲ့ အမြဲ မပြတ် ကစားခဲ့ပါတယ်။
အချိန်တွေသာ ကြာလာတယ် သူက သိသိသာသာပြောင်းလည်းလာပြီး ကျွန်တော်က
ကျန်ခဲ့ ပါတယ်။သူထက်လည်း ပိုကစားရဲ့သားနဲ့ ဘာကြောင့်ပါလည်းလို့
အဖြေရှာ မရခဲ့ပါဘူး။ ကျွန်တော်စဉ်းစားမိတာကတော့ နည်းပြတွေက
သူ့ကိုသာ စနစ်တကျ လေ့ကျင့်ပေးပြီး ကျွန်တော့်ကိုကျတော့
ဂရုမစိုက်ဘူးလို့ထင်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း gym အသစ်၊
နည်းပြအသစ်နဲ့ ကစားသမား အသစ်ဆိုရင်တော့ ဂရုစိုက်မယ်လို့ထင်ပြီး
နောက်ထပ် gym အသစ် တစ်ခု ကို ပြောင်းကစားခဲ့ပါတယ်။ဒါပေမဲ့
သူငယ်ချင်းနဲ့ ပြန်တွေ့တိုင်း အလိုလို
ရှုံးနိမ့်နေမှန်းသိလာခဲ့ပါတယ်။ အဲဒီ အချိန်မှာပဲ ဆရာ(စာရေးသူ
ကျွန်တော်) ရဲ့ဆောင်းပါးတွေကို ဖတ်မိပြီး ဆရာနဲ့
လေ့ကျင့်ရင်တော့ဖြင့် သေချာပေါက် ပြောင်းလဲ မယ်လို့ ထင်ပြီး
ဆရာဆီ ကို ရောက်လာတာပါ ဟု ပြောပြီး ဆရာ gym နဲ့ ပါဆို gym (၄)
ခုမြောက်ဖြစ်ပါပြီ။ ကျွန်တော့ကို သေချာ လေ့ကျင့်ပေးပါလို့
ပြောလာပါတော့တယ်။
အဲဒီ အချိန်မှာ သူပြောတာကို ကျွန်တော်
ခေါင်းတငြိမ့်ငြိမ့် နဲ့သေချာနားထောင်ပြီး
ကျွန်တော်သိချင်တာတွေ ကို ပြန်မေးကြည့်ပါတယ်။
*ငါ့ညီ
တစ်ပတ်ကို ဘယ်နှစ်ရက်ကစားသလဲ လို့မေးကြည့်ပါတယ်။
ကျွန်တော်ကတော့ ကစားသလားမမေးနဲ့ gym ပိတ်ရက်တောင် ကစားချင်တာ။
တစ်ပတ်မှာ (၆) ရက်မပျက်မကွက်ကစားပါတယ်။တစ်ချို့ gym တွေ ဆို
ပစ္စည်း အတော်စုံပါတယ်။ ပစ္စည်း စုံတာ မစုံတာ အရေးမကြီးပါ။ အခြေခံ
ကစားလို့ရတဲ့၊ ကစားနိုင်တဲ့ စက်တွေ ရှိရင် လုံလောက်ပါတယ် လို့
ကျွန်တော့် အနေနဲ့ ပြန်ပြောဖြစ်ပါတယ်။
* အစားအသောက်ကိုကော
တစ်နေ့မှာ ဘယ်နှစ်ကြိမ် စားသလဲ လို့ မေးကြည့် ပါတယ်။ သူပြောတာက
ကျွန်တော် အစားတော့ တော်တော် စားတယ်ဆရာ။ မနက် breakfast ကိုလည်း
အဝ ဆွဲတယ်၊ နေ့လည်စာလည်း နှစ်ဇလုံလောက်ဆွဲတယ်၊ ညစာကိုလည်း
နှစ်ဇလုံ အနည်းဆုံးပဲ ဆရာ လို့ ပြန်ပြောပါတယ်။
* အနားယူတဲ့ ပုံစံ
ကို ပြောကြည့်ပါလို့ ဆိုတော့၊ ဘာ အနားယူတဲ့
ပုံစံလည်းဆိုပြီးပြန်မေးပါတယ်။ဟုတ်ပြီ မင်းက တစ်ပတ်ကို
(၆)ရက်ကစားပြီး တစ်ရက်ပဲ နားတယ်။ ည ကြတော့ ဘယ်အချိန်အိပ်ပြီး
ဘယ်အချိန်ထလည်း မေးကြည့်တော့၊ ည ကို ၁၁/၁၂ နာရီ အချိန်လောက်မှ
ပုံမှန်အိပ်တယ်၊ မနက်ကို ၇ နာရီ လောက် ထ ပါတယ်ဆရာလို့
ပြန်ဖြေပါတယ်။
ကျွန်တော်လည်း သူ့ အနေနှင့် Overtraining
ဖြစ်နေပြီး၊ အနားယူမှု မလုံလောက်ခြင်း၊ အဟာရ
မလုံလောက်ခြင်းဖြစ်နေတာကို သိလိုက်ပါတယ်။သို့သော်လည်း
ကျွန်တော်သိချင်တာကို ဆက်ပြီးမေးနေမိပါတယ်။
ငါ့ညီ
ကစားခဲ့တဲ့ gym တွေ မှာရှိတဲ့ trainer တွေက တစ်ပတ်ကို ဘယ်နှစ်ရက်
ကစားသင့်တယ်၊ ဘယ်လို အနားယူရမယ်၊ ဘယ်လို စားသောက်ရမယ်ဆိုတာတွေကို
မပြောဘူးလား လို့မေးမိပါတယ်။ အဲဒီ အချိန်မှာပဲ သူက တစ်ချို့
နည်းပြတွေ ကပြောပါတယ်၊ တစ်ချို့လည်း မပြောဘူးလို့ပြောပါတယ်။
ကျွန်တော် သုံးသပ်တာကတော့ သူက ပြောတဲ့ အတိုင်း မလိုက်နာတော့
မပြောကြတာပဲ ဖြစ်မယ်ထင်ပါတယ်။ကျွန်တော်လည်း သူ့ကို
ကစားသမားတစ်ယောက်ရဲ့ တာဝန်၊ လိုက်နာရမည့် စည်းကမ်း တွေကို
သေချာရှင်းပြလိုက်ပါတယ်။
ကစားသမားတစ်ယောက်ဟာ (
ပြိုင်ပွဲဝင် အဆင့်မြင့် ကစားသမားများကို မဆိုလိုပါ) နေ့စဉ်ရက်ဆက်
ကစားရန် မလိုအပ်ကြောင်း၊ ကစားတိုင်း ကြွက်သားများ ကြီး ထွားလာတာ
မဟုတ်ကြောင်း၊ ကစားလိုက်တဲ့ အချိန်မှာ ကြွက်သားများဟာ ပျက်စီး
သွားပြီး အနားယူတဲ့ အချိန်မှသာ ပျက်စီး သွားတဲ့ ကြွက်သားများကို
ပြန်လည် စုဖွဲ့ ပြီး ကြီးထွားလာတာဖြစ်ကြောင်း၊ နေ့စဉ်ရက်ဆက်
ကစားပြီး အနားမယူပါက Overtraining ဖြစ်တတ်ကြောင်း [ Overtraining
ဆောင်းပါးအား တင်ဆက်ပြီး ဖြစ်ပါသည်။ ရှာဖွေ ဖတ်ရှု
လေ့လာနိုင်ပါသည်။] ၊ အိပ်စက်ချိန် အနေနှင့်လည်း အနည်းဆုံး (၈)
နာရီ ခန့်ရှိသင့်ကြောင်း၊ အိပ်စက်ချိန်တူ[ ည ၁၀ မှ မနက် ၆ နာရီ
နှင့် ည ၁၂ မှ မနက် ၈ နာရီ ၊ အိပ်စက်ချိန် တူ..၈ နာရီ ] သော်လည်း
Growth Hormones လို့ခေါ်တဲ့ ကြီးထွားဟော်မုန်း ထုတ်လုပ် မှု ပမာဏ
မတူညီကြောင်း၊ HGH ဟော်မုန်း ဟာ Non REM အခြေအနေမှသာ
ထုတ်လွှတ်ပေးကြောင်း၊ Non REM အခြေအနေ ဆိုသည်မှာ
နှလုံးခုန်နှေးလာပြီး၊ ခန္ဓာကိုယ် အပူချိန်ကျဆင်းလာတာနဲ့ အမျှ deep
sleep လို့ခေါ်တဲ့ အိပ်မောကျခြင်း အခြေအနေသို့ရောက်ရှိကြောင်း၊
ကြီးထွားဟော်မုန်းဟာ အိပ်မောကျခြင်း ဖြစ်တဲ့ deep sleep ဆိုတဲ့
အခြေအနေ ရောက်မှသာ ထုတ်လွှတ်ပေးကြောင်း ဒါကြောင့် စောစော
အိပ်စက်ဖို့လိုကြောင်း(ကြီးထွားဟော်မုန်း အကြောင်းအား
တင်ဆက်ပြီးသားဖြစ်သည့် Growth Hormone အရေးပါပုံ
ဆောင်းပါးအားဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)သေချာရှင်းပြရပါတော့တယ်။
အဟာရ စားသောက်မှု အပိုင်းကိုလည်း အကျယ်တပွင့်ရှင်းပြရပါတော့တယ်။
(ဤ page တွင် တင်ဆက်ပြီးသားများရှိသဖြင့် အကျဉ်းချုပ်သာ
ဖော်ပြအပ်ပါသည်။သူ့ ကိုတော့ အကျယ်တပွင့် ရှင်းပြပေးခဲ့ပါတယ်။)
အစားအစာများကို တစ်ရက်လျှင် အနည်းဆုံး ၅ ကြိမ်ခန့် ခွဲ ၍
စားသင့်ကြောင်း၊ တစ်ကြိမ်တည်း အများကြီးစားရန်မလိုအပ်ကြောင်း
အဘယ့်ကြောင့်ဆိုသော် ....စားလိုက်တဲ့ အစားအစာ တွေ ကို insulin ရဲ့
အကူအညီဖြင့် စွမ်းအင် glucose အဖြစ်ပြောင်းလည်းပေးပြီး၊
ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သား နှင့် fat cells တွေဆီကို
ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် ပို့ဆောင်ပေးပါတယ်။ ပိုနေတဲ့
glucose တွေကို glycogen အဖြစ်ပြောင်းလည်းပြီး ကြွက်သားများနှင့်
liver အသည်းမှာ ထိန်းသိမ်းထားရှိပါတယ်။ ခန္ဓာကိုယ် ဟာ glycogen ကို
ကြာရှည်စွာ ထိန်းသိမ်းမထားနိုင်တဲ့ အတွက် ထပ်မံ ပိုလျှံနေတဲ့
glucose တွေ ကို စွမ်းအင် လိုအပ်တဲ့ အချိန်မှာ အလွယ်တကူ အသုံးပြု
နိုင်ရန် အတွက် အဆီတွေ အဖြစ်ပြောင်းလည်း စုဖွဲ့ပြီး
သိမ်းစည်းပါတယ်။ အဆီပိုတွေ စုဖွဲ့ သိမ်းစည်းတာ များလာတာနဲ့ အဆီတွေ
စုပြီး ဝ လာပါလိမ့်မယ်။ ဒါကြောင့် အဆီပိုတွေ အဖြစ်
မသိမ်းစည်းနိုင်အောင်ရယ်၊ လိုအပ်တဲ့ အချိန်မှာ လိုအပ်သလို
စွမ်းအင် ကိုရရှိစေဖို့ အတွက် အစားအစာ ကို တစ်ရက်လျင် အနည်းဆုံး ၅
ကြိမ်လောက်ခွဲ ပြီး စားရပါတယ်။
Carbohydrate(Carbs)
ကိုလည်းသင့်တင့် အောင်စားပေးဖို့လိုအပ်ပါသေးတယ်။ ခန္ဓာကိုယ်
ကြီးထွားဖို့ အထောက်အကူပြုတဲ့အတွက် တွက်ချက်စားသောက်ရပါမယ်။
ခန္ဓာကိုယ် ကြီးထွားချင်တဲ့ လူတစ်ယောက်အတွက် တစ်နေ့တာ လိုအပ်တဲ့
Carbohydrate တွက်နည်းက တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီ kcal × 65 % ÷ 4
ဖြစ်ပါတယ်။( တင်ဆက်ပြီးသား ကာဘိုဟိုက်ဒရိတ် ဆောင်းပါးအား ရှာဖွေ
ဖတ်ရှု နိုင်ပါတယ်။)
ပျက်စီး သွားတဲ့ ကြွက်သားတွေ
လျင်မြန်စွာ ပြန်လည်တည်ဆောက်ပြီး ကြီးထွားဖို့ protein ကိုလည်း
မိမိ ခန္ဓာကိုယ် နှင့် လျှော်ညီစွာ လုံလောက်အောင် စားသုံးပေးဖို့
လိုအပ်ပါသေးတယ်။ protein ဟာ ခန္ဓာကိုယ် ထဲမှာ glycogen နှင့် အဆီ ဆဲလ်
များကဲ့ သို့ ကြာရှည်စွာ ထိန်းသိမ်းထားနိုင်စွမ်းမရှိပါဘူး။ protein
ဟာ ခန္ဓာကိုယ် ထဲ မှာ ၂~၃ နာရီ ထက်ပိုပြီး ကြာရှည်စွာ မနေနိုင်ပါဘူး။
ဒါကြောင့် ပျက်စီးသွားတဲ့ ကြွက်သားတွေ အသစ်တည်ဆောက်ဖို့အတွက်
လိုအပ်တဲ့ protein ကို လိုအပ်တဲ့ အချိန်မှာ အလွယ်တကူ ရယူ
အသုံးပြုနိုင်ဖို့ ၂~၃ နာရီ ခြားတစ်ခါ အစားအစာများကို
စားပေးဖို့လိုအပ်တာပါ။ ဒါကြောင့် တစ်နေ့မှာ အနည်းဆုံး ၅
ကြိမ်လောက် ခွဲပြီး စားခိုင်းရတာပါ။
ဘယ်အားကစားမဆို သူ့စည်း
သူ့ကမ်းနဲ့ လိုက်နာရမဲ့ တာဝန်တွေရှိပါတယ်။ ကာယဗလ အားကစားကို အဓိက
ပြောချင်တာဖြစ်တဲ့ အတွက် ကာယဗလ ကစားနည်းဟာလည်း သတ်မှတ်ထားတဲ့
စည်းကမ်း၊ လိုက်နာရမဲ့ တာဝန်၊ ကျင့်သုံးရမဲ့စနစ်တွေ ဆိုတာ
ရှိပြီးသားပါ။ ကစားသမား ဘက်ကလည်း ချမှတ်ထားတဲ့ စည်းကမ်း၊ လိုက်နာရမဲ့
တာဝန်တွေ ကို တိကျစွာ လိုက်နာဖို့ လိုအပ်ပါတယ်။ ငါ့ညီရဲ့
သူငယ်ချင်း က တိကျစွာ လိုက်နာလို့ ပြောင်းလဲတိုးတက်လာတာပါ။ ငါ့ညီ
အနေနဲ့ ချမှတ်ထားတဲ့ စည်းကမ်း၊ လိုက်နာရမဲ့ တာဝန်တွေ ကို
မလိုက်နာပဲ ပျက်ကွက် နေရင်တော့ဖြင့် ရန်ကုန်မြို့မှာ ရှိတဲ့ gym
တွေသာကုန်သွားမယ် မင်းအနေနဲ့ ပြောင်းလဲ လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် gym တွေ ၊ နည်းပြတွေ ကို အပြစ်မတင်ပါနဲ့ ` မိမိကိုယ်သာ
အပြစ်တင်ပါ ´ လို့ပြောလိုက်ရပါတော့တယ်။
ကျွန်တော့်
အနေနှင့် အဓိ က တင်ပြချင်တာက ကစားသမားတွေဟာ များများကစား၊
မြန်မြန်ကြီး ချင်ပြီး၊ အနားယူမှု အပိုင်း၊ အစားအသောက်
ဂရုစိုက်ရမည့် အပိုင်း တွေ ကို မေ့လျော့နေတတ်ကြပါတယ်။
ကြွက်သားတွေက ကစားတဲ့ အချိန်မှာ မကြီးပါ၊ အနားယူတဲ့ အချိန်ကြမှသာ ကြီး
ထွား ကြတာပါ။ ဒါ့ကြောင့် အချိန်နှင့် တပြေးညီ ကြွက်သားများ ကြီးထွား
တိုးတက်နေဖို့အတွက် ကစားသမားများ အနေနှင့်လည်း
ချမှတ်ထားသည့်စည်းကမ်း၊ လိုက်နာရမည့် တာဝန်များကို တိကျ
မှန်ကန်စွာ စနစ်တကျ ကျင့်သုံး လိုက်နာရန်လည်း အထူး လိုအပ်လှပါတယ်။
လိုက်နာရမည့် တာဝန်များ ကို မလိုက်နာ၊ မကျင့်သုံးပါက မုန့်လုံး
စက္ကူကပ် ဖြစ်နေမှာ အသေအချာပါပဲ။
နောက်ထပ်တစ်ခု
အနေနဲ့ထပ်မံ တင်ပြချင်တာက ...ကျွန်တော်ကိုယ် တိုင်လည်း gym
ဖွင့်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော် gym မှာ
အများဆုံးတွေ့ ရတဲ့ ကစားသမားတွေဟာ
( weight loss ပဲဖြစ်ဖြစ်၊
weight gain ပဲ ဖြစ်ဖြစ် ) ကစားဖို့သာ အဓိက အားသန်နေကြတာကို တွေ့
ရှိရပါတယ်။ အဟာရ အစားအသောက်ပိုင်း၊ အနားယူ မှု အပိုင်း ကို လုံးဝ
လှစ်လျှူရှု့တတ် ကြပါတယ်။ ဥပမာ..weight ကျ ချင်တဲ့ အမျိုးသား/
သမီးတွေကို ခန္ဓာကိုယ် မှာ ရှိတဲ့ အဆီ % တိုင်း၊ daily activities အတွက်
တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီ ၊ ကစားစဉ်မှာ လိုအပ်တဲ့ ကယ်လိုရီ ၊
BMR အတွက် လိုအပ်တဲ့ ကယ်လိုရီ၊ လျော့စားရမည့် ကယ်လိုရီ စသည်ဖြင့်
တစ်နေ့မှာ လိုအပ်တဲ့ ကယ်လိုရီ ကို တွက်ချက်ပေးပြီး၊ လိုအပ်တဲ့
ကယ်လိုရီ နှင့် ညီမျှတဲ့ စားသောက်ရမဲ့ အစားအစာ အစီအစဉ် တွေ ကို
သေချာရှင်းပြ တွက်ချက်ပေးပါတယ်။ တစ်ချို့ ကစားသမားတွေ ဆိုရင်
ရေးထားတာတွေကို ဓာတ်ပုံရိုက်ပြီးတောင် ယူသွားကြပါတယ်။ weight gain
ကစားသမားတွေ အတွက်လည်း စားသောက်ရမဲ့ အဟာရပိုင်း..ဥပမာ..လိုအပ်တဲ့
ကယ်လိုရီ ၊ ပါဝင်ရမည့် ကာဗိုဟိုက်ဒရိတ်၊ protein စသည်ဖြင့်
တွက်ချက်ပေးပါတယ်။ သေချာမှတ် တဲ့ လူလည်းရှိသလို ၊ ဓာတ်ပုံ
ရိုက်ပြီး ယူသွားတဲ့ သူလည်းရှိပါတယ်။ သိုသော်လည်း..သူတို့တွေဟာ
တစ်နေ့တာ လိုအပ်တဲ့ အဟာရ စားသောက်ရမည့် အတိုင်း လိုက်ပါပြီး
အမှန်တကယ် စားသုံးတဲ့ လူ ရှိပါသလားလို့ မေးရင်...၉၉ % မလိုက်နာတာကို
တွေ့ရပါတယ်။
သူတို့တွေ အနေနဲ့ workout တွေ ကို
လိုက်ပါကစားနေရင်ပဲ တာဝန်ကျေပြီး မိမိလိုချင်တဲ့ ရည်မှန်းချက် ကို
ရရှိမယ်လို ထင်မြင်နေကြပါတယ်။ ဝိတ်ချနေ တဲ့ ကစားသမားများအတွက်
ကယ်လိုရီ ကို ဦးစားပေးလောင်ကျွမ်းတဲ့ လေ့ကျင့်ခန်းတွေကို
ပေးထားတာဖြစ်တဲ့ အတွက် ကစားစဉ် မှာ ကယ်လိုရီ
လောင်ကျွမ်းနေတာမှန်ပေမဲ့ မိမိ တစ်နေ့တာ စားသောက်ရမည့်
တွက်ချက်ထားတဲ့ ကယ်လိုရီ intake ကို သတိမထားပဲ စားချင်သလို
စားနေလို့ကတော့ လိုချင်တဲ့ ရည်မှန်းချက် ရောက်မှာ မဟုတ်ပါဘူး။
မိမိခန္ဓာကိုယ် ပြောင်းလည်းလာမှာ မဟုတ်ပါဘူး။
ထို့နည်းတူစွာ
ကြွက်သားတွေ ကြီးထွားချင်တဲ့ weight gain ကစားသမားတွေ ကလည်း
သတ်မှတ်ထားတဲ့ တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီ ၊
စားသုံးရမည့်အကြိမ်အရေတွက်၊ ကာဗိုဟိုက်ဒရိတ်၊ protein တွေ ကို
မလိုက်နာ၊ မစားသောက်ပဲ အဆင်ပြေသလို စားနေသမျှ ရည်မှန်းချက်နဲ့
ဝေးနေအုံး မှာပါ။
ကျွန်တော် အဓိက ဘာကို highlight
ပြချင်တာလည်း ဆိုတော့ weight gain / loss ကစားသမားတွေ အနေနှင့်
ကစားနေရုံမျှဖြင့် မပြီးပြည့် စုံသေးပါ။ ကစားနေရုံနှင့်
တာဝန်ကျေပြီဟု ပေါ့လျော့စွာ မတွေးသင့်ပါ။ အဟာရ အစားအသောက်ပိုင်း၊
အနားယူမှု အပိုင်း၊ လေ့ကျင့်မှု အပိုင်း အားလုံး ဟာ ဟန်ချက်ညီနေမှ
မိမိ လိုချင်တဲ့ body ကို ရရှိမှာသာ ဖြစ်ပါတယ်။
ကျွန်တော်
ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတဲ့ အဖြစ်အပျက်အား ကစားသမားများ သိရှိ၊
သတိမူမိ စေရန် ရည်ရွယ်၍ ရေးသား ဖော်ပြ အပ်ပါသည်။
လေးစားစွာဖြင့်
Htinkyaw Wazi
Olympia Fitness Centre (သုဝဏ္ဏ)
MFTA Certified Trainer
#သင်တန်ကြေး...(၁) လ....၂၀၀၀၀ ကျပ်
#အမှတ်(၄၂)၊ ဘုရင့်နောင်လမ်း၊ ရန်ကုန်သစ်ရပ်ကွက်၊ သုဝဏ္ဏ ။
#၀၉၇၉၈၄၂၇၀၂၅၊ ၀၉၅၀၃၈၀၁၀
1
332
333
0 comments:
Post a Comment