Sunday, October 19, 2025

“ညာလို့ မရပါဘူး”

🔳 လူတွေဟာ ဟန်ဆောင်ကောင်းကြတယ်။ မပျော်ဘဲလည်း ပျော်ချင်ယောင်ဆောင်တယ်။ မတော်ဘဲလည်း တော်ချင်ယောင်ဆောင်တယ်။ အဆင်မပြေဘဲလည်း ပြေချင်ယောင်ဆောင်တယ်။

အထူးသဖြင့် ဆိုရှယ်မီဒီယာခေတ်မှာပေါ့။ ကိုယ့်ရဲ့ Lifestyle ကိုဖြစ်ဖြစ်၊ RS ကိုဖြစ်ဖြစ် ချပြပြီး လူတွေအပေါ် လွှမ်းမိုးနေအောင် ကြိုးစားနေတဲ့သူတွေ၊ လူတွေကို စိတ်ခွန်အားပေးနေသူတွေ၊ ပညာပေးနေသူတွေဆို ပိုဆိုးတယ်။ အဲဒီအတွက်လည်း နာမည်တွေ ကြီး၊ ပိုက်ဆံတွေ ရတာကိုး။ ဟန်ဆောင်ရကျိုးတော့ နပ်ပါတယ်။

🔳 ဒါပေမဲ့ အဆုံးတစ်နေ့မှာတော့ ဟန်ဆောင်ထားသမျှ၊ ညာထားသမျှက ပေါ်လာတတ်တာပါပဲ။ တစ်သက်လုံးတော့ ဘယ်သူမှ ဖုံးမထားနိုင်ဘူး။

နောက်ပြီး ဆိုရှယ်မီဒီယာပေါ်က လူတွေရဲ့အမြင် ဆိုတာ အခါခပ်သိမ်း အသုံးတည့်တာတော့ မဟုတ်ဘူး။ ကိုယ်က ကျန်းမာရေးလိုက်စားတယ် ဆိုတဲ့ ပုံရိပ်မျိုး တည်ဆောက်ထားပေမဲ့ တကယ်လိုက်စားတဲ့သူ မဟုတ်ရင် ခံရမှာက ကိုယ်တိုင်ပဲလေ။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အမြဲပြန်သတိပေးဖြစ်တယ်။ ဆိုရှယ်မီဒီယာပေါ်က ပုံရိပ်တွေထက် အပြင်က လူအစစ်ကို ကောင်းသထက်ကောင်းအောင် ပိုတည်ဆောက်ဖို့ပေါ့။

🔳 ၁။ Self-control နဲ့ ပတ်သက်လာရင် ခန္ဓာကိုယ်က ညာလို့မရဘူး

လူတစ်ယောက်ရဲ့ ကျန်းမာရေးမှာ အဓိကအကျဆုံးဟာ Self-control ပဲ။ အဲဒါ အားမကောင်းရင် လုပ်သင့်တာ မလုပ်ဖြစ်သလို၊ မလုပ်သင့်တာတွေကို မရှောင်နိုင်တော့ဘူး။

ကျန်းမာရေးတင်လား ဆိုတော့ မဟုတ်ဘူး။ Personal grooming လို့ ခေါ်တဲ့ တကိုယ်ရည် သေသပ်သားနားခြင်းမှာလည်း လိုအပ်ပြန်တာပဲ။

ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစည်းကမ်းထားတယ်၊ ကျွန်မက ကိုယ့်စိတ်ကိုယ် ဘယ်လိုနိုင်အောင် ထိန်းတယ် ကြိုက်သလောက်ပြော။ ခန္ဓာကိုယ်ကို ကြည့်လိုက်တာနဲ့ သိနိုင်တယ်။ အချိုးအစားကို ကြည့်။ အသွေးအရောင်ကို ကြည့်။ ကျန်းမာရေးစစ်ဆေးချက် ရလဒ်တွေကို ကြည့်။

🔳 ၂။ စိတ်နေစိတ်ထားနဲ့ ပတ်သက်လာရင် RS က ညာလို့မရဘူး

ဒီနေရာမှာ သမီးရည်းစား၊ အိမ်ထောင်ရေးကိုပဲ ပြောတာ မဟုတ်ဘူး။ ရှိသမျှ ဆက်ဆံရေးအားလုံးကို ခြုံငုံပြီးတော့ ကြည့်ဖို့ပါ။ အချစ်ရေး ကံမကောင်းတာ၊ အိမ်ထောင်ရေး ကံမကောင်းတာ၊ မိဘကံ မကောင်းတာ စသဖြင့် ရှိကြတာကိုး။

သို့သော် လူတော်တော်များများနဲ့ အဆင်မပြေဘူး။ ဘယ်သူကမှ ကိုယ်နဲ့ ရေရှည်မပေါင်းချင်ဘူး။ ခဏနေ ခွာပြဲသွားတာပဲ။ ဒီလိုဖြစ်နေရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်သင့်ပြီပေါ့။

အဲဒီလိုလူတွေလည်း ဘဝမှာ ကြုံဖူးတာပဲ။ ဘယ်တော့မှ သူ့အမှား၊ သူ့အလွန်ရယ်လို့ မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်။ မာနထောင်လွှားတယ်။ တင်စီးတယ်။ ဒါကပဲ သူ့ကို ပြန်သတ်သွားတာပဲ။

တချို့ကျလည်း Negative ဖြစ်လွန်းတာပေါ့။ သူနဲ့ဆို အမြဲပူလောင်နေရတော့ ဘယ်သူမှ ကြာကြာမပေါင်းချင်ဘူး။

လူအများအကြိုက် လိုက်ရမယ်၊ အများနဲ့ သင့်မြတ်တိုင်း မှန်တယ်တော့ မဟုတ်ပေမဲ့ ယေဘုယျ ဆက်ဆံရေး အခြေအနေတွေဟာ ကိုယ့်စိတ်နေစိတ်ထားကို တစ်ပိုင်းတစ်စ လှစ်ဟပြနေပါတယ်။

🔳 ၃။ အရည်အချင်းနဲ့ ပတ်သက်လာရင် အတူတူ တွဲလုပ်ဖူးသူတွေက ညာလို့မရဘူး

ကိုယ်ဘယ်လိုတော်ကြောင်း၊ တတ်ကြောင်းကတော့ စာရေးတတ်ရင် ဘယ်သူမဆို ရေးလို့ရတယ်။ ရေးတဲ့အတိုင်း တကယ်ဟုတ်မဟုတ်ကသာ တွဲလုပ်ဖူးတဲ့သူတွေကပဲ သိတာ။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေမှာ ဘယ်လိုရလဒ်တွေ ယူနိုင်ခဲ့သလဲ ဆိုတာကပဲ သက်သေခံပေးမှာ။

အဲဒီ Career achievement ဟာ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့မှာရော၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် လွှမ်းမိုးနိုင်တဲ့သူ ဖြစ်ဖို့မှာပါ သိပ်အရေးကြီးပါတယ်။

🔳 ၄။ စိတ်ငြိမ်းချမ်းမှုနဲ့ ပတ်သက်လာရင် ကိုယ့်အတွင်းစိတ်က ညာလို့မရဘူး

လောင်နေတယ် ဆိုပြီး သူများကို ပြောရတာ သိပ်လွယ်သလို၊ ငါကတော့ လောင်မနေပါဘူးလို့ ငြင်းရတာလည်း သိပ်လွယ်တယ်။ တကယ်တမ်း ကိုယ့်အတွင်းစိတ်ထဲမှာ ဖြစ်နေတာကတော့ ကိုယ်တိုင်ပဲ သိတာပါ။

သိမ်ငယ်စိတ်၊ ပြိုင်ဆိုင်လိုစိတ်၊ မာန်မာန၊ မနာလိုစိတ်နဲ့ လိုချင်တပ်မက်စိတ် - ဒီ ၅ ခုဟာ ကိုယ်တွင်းငြိမ်းချမ်းမှုအတွက် အဓိက ရန်သူကြီး ၅ ဦးပဲ။ အဲဒါတွေ များလေလေ၊ ပူလောင်ရလေလေ။

တစ်ယောက်ယောက်ရဲ့ အောင်မြင်မှု၊ အဆင်ပြေမှုကလေး၊ ဘာမဟုတ်တဲ့ အရေးအသားကလေးတစ်ခု၊ ဓါတ်ပုံကလေးတစ်ပုံကအစ ကိုယ့်ရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးပစ်လိုက်နိုင်တယ်။

ဒါကြောင့် ကိုယ့်အတွင်းထဲမှာ ဒီ ၅ ယောက်ကို ရင်ဆိုင်ချိုးနှိမ်ထားနိုင်မှ ငြိမ်းချမ်းမှုအစစ်ကို ရနိုင်မှာဖြစ်ပါတယ်။

🔳 ဘယ်သူ့ကိုမှ မညာတာတော့ အကောင်းဆုံးပါပဲ။ မဖြစ်မနေ ညာရမယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ မညာပါနဲ့။

Self-control မကောင်းလို့ မကျန်းမမာ ဖြစ်တဲ့အခါ ဆေးရုံရောက်ရမှာက ကိုယ်ပါ။

စိတ်နေစိတ်ထား မမှန်လို့ RS အဆင်မပြေတဲ့အခါ မလုံခြုံမှုတွေ၊ အထီးကျန်မှုတွေ၊ မပျော်ရွှင်မှုတွေ ခံစားနေရမှာလည်း ကိုယ်တိုင်ပါပဲ။

အရည်အချင်း အားနည်းလို့ အလုပ်မှာ အဆင်မပြေရင်လည်း ကိုယ်ပဲ။

ဘယ်လိုပဲ အေးချမ်းသယောင် ဆောင်ထားဆောင်ထား၊ အတွင်းထဲက ရန်သူ ၅ ယောက် ထောင်လွှားနေလို့ အမြဲစိတ်ပူလောင်နေရရင်လည်း အဲဒါ တခြားလူ မဟုတ်ဘူး၊ ကိုယ်ပဲ ခံစားရမှာပါပဲ။

ဒါကြောင့် အများအမြင်မှာ လှဖို့ ပုံရိပ်ကောင်း တည်ဆောက်တာထက် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့က ပိုအရေးကြီးပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၁၉.၁၀.၂၀၂၅

Saturday, October 18, 2025

How to become a better defender in soccer


Take pride in defending attackers
Defend as a unit
Losing ball as a defender is deadly. 
You should always be at goal side preventing attackers.
Support as much as you can in midfield and forward.

 

"If you are interested, you'll do what's convenient; if you're committed, you'll do whatever it takes." - John Assaraf"
1 332 333