“ကိုယ့်ကို သူတစ်ပါးက ပြုမူစေချင်တဲ့အတိုင်း သူတစ်ပါးကိုလည်း ဆက်ဆံပြုမူပါ”
In everything, do to others what you would have them do to you. Matthew 7:12
◾️◾️◾️◾️◾️◾️◾️
🔳 ဘဝကို တန်ဖိုးရှိရှိ နေချင်တယ်ဆို အများကြီး မစဉ်းစားနဲ့။ နှစ်ချက်ပဲ လိုတယ်။
ကိုယ် ကောင်းတာလေးတွေ ရခဲ့ရင် ကိုယ့်လို သူများတွေလည်း ခံစားရအောင် လက်ဆင့်ကမ်းပေးလိုက်။
ကိုယ် မကောင်းတာတွေ ရခဲ့ရင် ကိုယ့်လို သူများတွေ မခံစားရအောင် ကိုယ့်အလှည့်မှာ ဆင်ခြင်ပေးလိုက်။ ဒါပါပဲ။
🔳 ကျွန်တော့်ကို အပြင်မှာ သိတဲ့သူတွေ၊ ရင်းနှီးတဲ့သူတွေ၊ အလုပ်တွဲလုပ်ဖူးတဲ့သူတွေဆို သိမယ်။ ကျွန်တော် အပြစ်တင်ခဲတယ်။ အပြစ်ပြောခဲတယ်။ Support ပေးတယ်။ Appreciate တအားလုပ်တတ်တယ်။ စိတ်ချမ်းသာအောင် ပြောပေးတယ်။
ဘာလို့လဲဆိုတော့ အဲဒါတွေ ကျွန်တော် ငယ်ငယ်က မရခဲ့လို့ပဲ။
🔳 ဒါတောင် မိဘတွေက အတော်လေးကို ကောင်းတဲ့သူတွေ။ ကိုယ်ထိလက်ရောက် ရိုက်တာနှက်တာ ဘဝမှာ တစ်ခါမှ မကြုံခဲ့ရဖူးဘူး။ သို့သော် Parenting တွေ၊ Child Psychology တွေကို နားမလည် (နားလည်ရကောင်းမှန်းတောင် မသိ) ခဲ့တဲ့ မျိုးဆက်မို့ မြန်မာမိဘတွေ ထုံးစံအတိုင်း ပြောဆိုဆက်ဆံတာတွေ ရှိတယ်။
နေမကောင်းဖြစ်တယ်ဆို ကရုဏာဒေါသောနဲ့ မင်းတို့က ဘယ်လိုနေ ဘယ်လိုထိုင်တာကိုး၊ ဖြစ်ပြီပေါ့ ဆိုတာမျိုးကနေ စပြောတတ်တယ်။ တစ်ခုခု မှားခဲ့ရင်၊ ပြဿနာဖြစ်ခဲ့ရင်လည်း အပြစ်တင်စကားက အရင်ကြားရတယ်။ ဒီတော့ စိတ်ညစ်တယ်။ ကိုယ့်ပြဿနာတွေ မပြောရဲတော့ဘူး။ ကြိတ်ဖြေရှင်းတယ်။ ရိုက်နှက်တတ်၊ ဆူပူဆဲဆိုတတ်တဲ့ မိဘတွေနဲ့ ကြုံခဲ့ရသူတွေဆို ပိုတောင်မှ ဆိုးကြလိမ့်ဦးမယ်။ ဒါကြောင့် သိပ်ကိုယ်ချင်းစာတယ်။
🔳 ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို အပြစ်မတင်ခဲ့ရင် ကောင်းမှာပဲ၊ တစ်ခုခုဖြစ်လို့ ပြောလိုက်ရင် အေးအေးဆေးဆေးနဲ့ ဖြေရှင်းပေးတာ၊ အားပေးစကားတွေ ပြောတာတွေ ကြားရရင် ကောင်းမှာပဲ ဆိုတဲ့စိတ်တော့ ငယ်ငယ်ကတည်းက ရှိခဲ့တယ်။
ဒါကြောင့် ကိုယ်အရွယ်ရောက်လာတဲ့အခါ ဘယ်သူ့ကိုမှ အပြစ်မပြောတာ။ ပြင်ဖို့လိုတာရှိလည်း အေးအေးဆေးဆေးပဲ ထောက်ပြတယ်။ နောက်တစ်ခါ ထပ်မဖြစ်အောင်ပေါ့။ ဒီလောက်ပဲ။ ဆဲဆိုတာ၊ အပြစ်တင်တာ ဘာတစ်ခုမှ မလုပ်ဘူး။
🔳 ပြောနေလို့လည်း ပြီးသွားတဲ့ကိစ္စက ပြေလည်သွားမှာမှ မဟုတ်တာ။ ရှေ့ကိုပဲ စဉ်းစားကြရမှာပဲ။ အဓိကက ပြဿနာဖြစ်ပြီ သိလိုက်ရရင် ကျွန်တော်တို့ရဲ့ Emotional brain (စိတ်ခံစားချက်နဲ့ ပတ်သက်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေ) က အလုပ်လုပ်လာတယ်။ သူက Logical brain လို ပြဿနာဖြေရှင်းနည်းကို စဉ်းစားပေးမှာ မဟုတ်ဘူး။ စိတ်ခံစားချက်အလျောက်ပဲ ဆုံးဖြတ်မှာ။
ဒီတော့ စိတ်အဆင်မပြေမှုကို သက်သာရာရဖို့အတွက် ဖြေဖျောက်တဲ့အနေနဲ့ ဖောက်ထုတ်ပြီး အပြစ်တင်လိုက်တာပဲ။ ကိုယ်တိုင်ကြုံဖူးသူတွေ အဲဒီခံစားချက်ကို သိလိမ့်မယ်။ အပြစ်တင်လိုက်ရမှ စိတ်က ကျေနပ်သွားတာပေါ့။
ကျွန်တော်တို့ မိဘတွေ ဖြစ်ခဲ့ကြတာ အဲဒီပုံစံပဲ။ ဒီလိုသဘောပေါက်လာတော့လည်း သူတို့ကို နားလည်ပေးနိုင်လာပါတယ်။ ကိုယ့်အလှည့်မှာတော့ ဒါမျိုးမဖြစ်အောင် သတိထားဖြစ်တယ်။
🔳 ကျွန်တော် တန်ဖိုးထားရတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထဲက တစ်ချက်ကို ပြောပါဆို ချဉ်းကပ်လွယ်ခြင်းလည်း ပါတယ်။ Approachable ဖြစ်တဲ့သူတစ်ယောက် သိပ်ဖြစ်ချင်တယ်။ ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ကျွန်တော့်ကို ဖွင့်ပြောရဖို့ကို တွန့်ဆုတ်မနေရတာမျိုး၊ ကြောက်မနေရတာမျိုး ခံစားရစေချင်တယ်။ သူဆိုရင်တော့ အေးအေးဆေးဆေးနဲ့ ဖြေရှင်းပေးမှာပဲ ဆိုတဲ့ စိတ်လုံခြုံမှုကို ရစေချင်တယ်။
ကျွန်တော်ငယ်ငယ်က လူကြီးတွေဆီကနေ မျှော်လင့်ခဲ့ဖူးတဲ့အချက် ဖြစ်နေလို့ပါပဲ။
🔳 ဟိုရက်က My Neighbor Totoro ဆိုတဲ့ ဂျပန် Anime ဇာတ်ကားလေး ကြည့်ဖြစ်တယ်။ ကိုယ်က Anime ပရိသတ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အသိအကျွမ်းတွေထဲ Anime အမာခံဖန်တွေ ပါတော့ သူတို့ညွှန်းတာနဲ့ ၄-၅ ကား ကြည့်ဖူးတယ်။
စိတ်ကို အတော်လေး နူးညံ့စေ၊ နှလုံးသားတွေကို လှစေတဲ့ ဇာတ်ကားလေးတွေလို့ပဲ အတိုချုပ် ညွှန်းချင်တယ်။
🔳 အဲဒီကားထဲမှာဆို ကလေးလေးက သူ့အမေ ဆေးရုံတင်ထားရတာကို စိတ်ပူပြီး တစ်ယောက်တည်း ထွက်သွားတယ်။ သူ့အစ်မနဲ့ တခြားလူကြီးတွေက ဒေါင်းတောက်အောင် ရှာရတာပေါ့။ ဖိနပ်တစ်ရံ ရေကန်ထဲ တွေ့တော့ ကလေးများ ရေနစ်သွားပြီလားဆိုပြီး ရွာသားတွေခမျာ ရေကန်ထဲ ဆင်းရှာကြရ၊ အဖွားကြီးကလည်း ဆုတွေတောင်းရ၊ အစ်မဖြစ်သူကလည်း နေရာအနှံ့ လိုက်ရှာရ။ နောက်တော့မှ ဒီကလေးကို ပြန်တွေ့တာ။
အဲဒီမှာ ကလေးကလည်း အားငယ်နေတယ်။ လမ်းကလည်း ပျောက်နေပြီကိုး။ သူ့ဟာသူ မှားသွားတာလည်း သိနေတယ်။ ဒါပေမဲ့ အစ်မကလည်း သူ့ကို တွေ့တဲ့အခါ အပြစ်မတင်ဘူး။ ပြေးဖက်တယ်။ တခြားလူကြီးတွေကလည်း အဲဒီလိုပဲ။
တွေးမိတယ်။ ငါတို့တွေ ငယ်ငယ်ကသာဆို အဲဒီလို လုပ်မိပြီးလို့ လူကြီးတွေနဲ့ ပြန်တွေ့ရင် အရင်ဆုံး ဆော်ပလော်တီးခံရမှာ ဆိုပြီးလေ။ နင် ဘယ်တွေ သွားနေလဲ၊ လူကြီးတွေ စိတ်ပူမှာ မသိဘူးလား၊ အခု ဘယ်လောက် သောက်လုပ်ရှုပ်ကုန်ပြီလဲ စသဖြင့် စသဖြင့် ပြောကြဖို့ များပါတယ်။
မချစ်တာလား ဆိုတော့ မဟုတ်ပါဘူး။ ချစ်လို့ပဲ ဒီစကားတွေ ပြောမိတာပေါ့။ သို့သော် ဒေါသစိတ်က ပိုအားကောင်းနေတဲ့အခါ ဒီစကားတွေ ထွက်လာတော့တာပဲ။
🔳 ရလဒ်အနေနဲ့ ကလေးတွေက စွန့်စားရမှာ ကြောက်လာတယ်။ လူညွန့်တွေ တုံးလာတယ်။ တစ်ဖက်မှာလည်း အမှားနည်းနည်း လုပ်မိတာနဲ့ အိမ်က ဆူမှာစိုးပြီး ဆက်တိုးရင်းတိုးရင်းနဲ့ အမှားပေါ် အမှားဆင့်ကုန်တာတွေ ဖြစ်လာတယ်။
ဒါကြောင့် အပြစ်မတင်မိဖို့ သိပ်အရေးကြီးတာပါ။ ဘာတွေပဲဖြစ်ဖြစ် ငါ့အဖေရှိတယ်၊ ငါ့အမေရှိတယ်၊ ငါ့အစ်ကို ငါ့အစ်မရှိတယ်၊ ငါ့မိသားစုရှိတယ် ဆိုတဲ့ စိတ်လုံခြုံမှုဟာ ကလေးတိုင်းအတွက် လိုအပ်ပါတယ်။ ဒါမှသာ ပြင်ပက ဖိအားတွေ၊ ပြဿနာတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သူတွေ ဖြစ်လာမှာပါ။
🔳 နောက်တစ်ခုက Appreciation.
ဒါကလည်း မိသားစုကြားက နွေးထွေးမှုကို ပြသတဲ့ အချက်တစ်ချက်လို့ပဲ မြင်တယ်။ စိတ်ထဲက ချီးကျူးနေရုံနဲ့ မလုံလောက်ဘူး။ ထုတ်ဖော်ပြီး ပြောပေးတတ်၊ အသိအမှတ်ပြုတတ်ဖို့လည်း လိုပါတယ်။
ဥပမာ အပြင်ကနေ ပြန်လာတယ်။ မုန့်ဝယ်လာတယ်။ အားလုံးက ဝမ်းသာအားရနဲ့ စားကြ၊ ပျော်ကြတာကို လိုချင်တာပဲ။ ဝယ်သာလာတယ်၊ အိမ်က လူတွေက ဘာမှမဟုတ်သလိုပဲ ပြုမူနေရင် ခံစားချက်က ငုပ်သွားရော။ နောက်တစ်ခါ ဝယ်မလာချင်တော့ဘူး။ မိသားစုကြားက Bond ကလည်း အားမကောင်းတော့ဘူး။
ဆံပင်ညှပ်လာတယ်ဆို ဘယ်လိုပုံကြီး ညှပ်လာတာလဲကနေ စပြောလိုက်တော့ ကိုယ့်ဟာကိုယ် သဘောကျနေတဲ့ စိတ်ကလေးက ဘယ်ရောက်သွားမှန်း မသိဘူး။
ဒါကြောင့် မိသားစုဝင် တစ်ယောက်ယောက်ရဲ့ အောင်မြင်မှု၊ မိသားစုအတွက် တစ်ခုခုအားထုတ်မှုတွေ မြင်ရတိုင်း အသိအမှတ်ပြုတတ်ဖို့၊ ယိုင်လဲတဲ့အခါတိုင်း ဖေးမဖို့ဟာ သိပ်အရေးကြီးပါတယ်။ ဘယ်လိုဆက်ဆံရေးမျိုးအတွက်မဆို အတူတူပါပဲ။ အဆောင်မှာ စုနေကြတဲ့သူတွေ၊ သူငယ်ချင်းမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ချစ်သူရည်းစားတွေ စသဖြင့် စသဖြင့် ဆက်ဆံရေးတိုင်းမှာ လိုအပ်တယ်။
ဒါတွေကို ငယ်ငယ်က သိပ်မရခဲ့တော့ ကိုယ့်အလှည့်မှာ သူများတွေကို ပြန်ပေးဖြစ်နေတယ်။
🔳 ကောင်းတဲ့အချက်တွေကို လက်ဆင့်ကမ်းပေးနေတာလည်း အများကြီးပါပဲ။ ကိုယ့်အပေါ် သူစိမ်းတစ်ယောက်က ကူညီပေးလိုက်တဲ့အခါ ဖြစ်တဲ့ခံစားချက် ကျွန်တော်မှတ်ထားတယ်။ အဲဒီလိုလေး သူများတွေလည်း ခံစားရအောင် လက်ဆင့်ကမ်းပေးတယ်။ မိဘတွေဆီက ရတာ၊ ဆရာ၊ ဆရာမတွေဆီက ရတာ၊ သူငယ်ချင်းတွေဆီက ရတာ၊ ရေးမယ်ဆို ရေးလို့တောင် မကုန်နိုင်ပါဘူး။
ဘဝကို Positive outlook နဲ့ ကြည့်နိုင်သူ ဖြစ်နေတာနဲ့တင် ကျွန်တော်ဟာ ဘယ်လိုဝန်းကျင်မှာ ကြီးပြင်းပြီး ဘယ်လိုလူတွေကြားမှာ ရှင်သန်ခဲ့၊ ရှင်သန်နေရတယ် ဆိုတာ သိပါလိမ့်မယ်။ ဒါကြောင့် အဲဒီလူတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်တယ်။ ကိုယ့်လို သူများတွေလည်း ခံစားရအောင် တတ်နိုင်သမျှ ကြိုးစားနေပါတယ်။
🔳 ငါ့ကို ဒီလိုဆက်ဆံလို့ သူများတွေကိုလည်း ဒီလိုပြန်လုပ်မယ် ဆိုသူတွေလည်း ရှိတာပါပဲ။ ကိုယ့်အပေါ် ကောင်းသူတွေကို အနိုင်ကျင့်၊ အမြတ်ထုတ်၊ ဗိုလ်ကျသူတွေလည်း ရှိပြန်တာပဲ။ အဓိကက ဘဝက ကိုယ့်ကို ပေးလာတဲ့အရာတွေအပေါ် ဘယ်လိုသဘောထားပြီး တုံ့ပြန်သလဲနဲ့ ဆိုင်တာပါပဲ။
ကျွန်တော့်ရဲ့ တုံ့ပြန်ပုံကတော့ ဆောင်းပါးအစမှာ ရေးခဲ့သလိုပဲ။
• အဆိုးကိစ္စတွေဆို Break the cycle - သံသရာမလည်အောင် ကိုယ့်မှာတင် အဆုံးသတ်။
• ကောင်းတဲ့အရာတွေဆို Share the blessing - သူတစ်ပါးဆီ လက်ဆင့်ကမ်း။
ဒါဆို လောကကြီး ပိုလှမသွားတောင် ကိုယ့်အားဖြင့်တော့ ကိုယ့်ပတ်ဝန်းကျင်က ပိုလင်းလက်လာပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၁၉.၅.၂၀၂၄
0 comments:
Post a Comment