ကျွန်မက အပတ်စဉ် ဘုရားတက်၊ အဓိဌာန်ဝင်လေ့ရှိပါတယ်။ အဓိဌာန်ဝင်တယ်ဆိုတာ ကိုယ်လိုချင်တာတွေရဖို့၊ ကိုယ်တောင်းတဲ့ဆုတွေ ပြည့်ဖို့ ဘုရားမှာ ရွတ်ဟယ်၊ ဖတ်ဟယ်၊ ပုတီးစိပ်ဟယ်နဲ့ အခေါက်ရေ ဘယ်လောက်၊ အပတ်ရေဘယ်လောက်လုပ်တယ်ဆိုတာမျိူးထက် ပုံမှန်လုပ်နေကျ အဓိဌာန်ကုသိုလ်တစ်ခုအနေနဲ့ ဖြည့်ဆည်းဆောင်ရွက်တာမျိုးဖြစ်ပါတယ်။
တစ်နေ့တစ်နေ့၊တစ်ပတ်တစ်ပတ်၊တစ်လတစ်လ အလုပ်ကိစ္စသွားရလာရတာတွေ၊ လူမှုရေး မိတ်ဆွေအပေါင်းသင်းကိစ္စ စားရသောက်ရတာတွေကို အခေါက်ပေါင်းများစွာ မရေမတွက်နိုင်အောင်လုပ်ဖြစ်နေပေမယ့် ဘုရားဘက်ကိုတော့ ခြေဦးမလှည့်နိုင်တာမျိုး မဖြစ်သင့်ဘူးမဟုတ်လား။ ဒါကြောင့် ဘုရားတက်တာကို အဓိဌာန်ကုသိုလ်တစ်ခုအနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။
ငယ်ငယ်တုန်းကတော့ အဓိဌာန်တွေလုပ်တယ်ဆိုရင် ကိုယ်လိုချင်တာတွေကြောင့်များပါတယ်။ အခုကတော့ အများကိုပဲဦးတည်ပြီးလုပ်ပါတယ်။ ကျွန်မလုပ် တဲ့အဓိဌာန်က အင်မတန်ရိုးရှင်းပါတယ်။ အဓိကအားဖြင့် သစ္စာဆိုတယ်။ ပြီးရင် မေတ္တာပို့ဆုတောင်းတာပါပဲ။
မှတ်မှတ်ရရ ပြောရမယ်ဆိုရင် ဘုရားမှာ အဓိဌာန်ကုသိုလ်လုပ်တာ ၂၀၀၄ ခုနှစ်ကစပြီးတော့ လုပ်ခဲ့တာပါပဲ။ အဲဒီတုန်းက ကျောင်းသူဆိုတော့ ပညာရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဆုတောင်းတာပေါ့။ နောက်ပိုင်း အသက်ကြီးလာတဲ့အခါကျတော့ အလုပ်ကိစ္စတွေ၊အမှုကိစ္စတွေ၊စီးပွားရေးကိစ္စတွေ စသည်ဖြင့် ပါခဲ့ပါတယ်။
အခုနောက်ပိုင်းကတော့ ကိုယ့်အတွက် သိပ်ဆုမတောင်းဖြစ်တော့ပါဘူး။ သိပ်မလိုချင်တော့လေ ပိုပြီးအေးချမ်းရလေပါပဲ။ သွားနေကျနေ့တွေမှာ မနက် ၅နာရီဆိုရင် ဘုရားရောက်နေပြီး တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းနဲ့ တရားထိုင်တာ၊ မေတ္တာပို့တာတွေလုပ်နိုင်ပါတယ်။ ၆နာရီခွဲဆိုရင် ဘုရားပေါ်ကပြန်ဆင်းပြီ။
ကျွန်မက ပုံမှန်ဘုရားတက်လေ့ရှိတဲ့သူဆိုတော့ တချို့တွေကမေးတတ်ကြပါတယ်။ အဓိဌာန်လုပ်တာပဲ ..အိမ်ကဘုရားမှာလုပ်လို့မရဘူးလား။ ဘုရားကိုသွားမှလား။ ဘုရားက ဘယ်နေရာကဘုရားဖြစ်ဖြစ် အတူတူပဲမဟုတ်ဘူးလားလို့ မေးကြတာပါပဲ။ ဘုရားကအတူတူပေါ့။ ရင်ထဲမှာဘုရားရှိနေရင် ပြီးတာပဲပေါ့။ စေတနာကအဓိကပဲလို့ ကျွန်မမှာအဖြေရှိပါတယ်။
မတူတာကတော့ နေရာမတူတာပါပဲ။ အိမ်မှာက ဘုရားခန်းအဝင်ဆုံးက ကျွန်မဖြစ်ပါတယ်။ စေတနာလှိုင်းတွေက ဘုရားခန်းထဲမှာ ရိုက်ခတ်နေတယ်ဆိုရင် ဒါကျွန်မတစ်ယောက်တည်းရဲ့စေတနာအဟုန်ဖြစ်ပါတယ်။ ဘုရားသွားတဲ့အခါကျတော့ ခေတ်အဆက်ဆက်ကနေ အခုအချိန်အထိ နေ့စဉ် နာရီနဲ့အမျှ ဘုရားတွေတည်ခဲ့ကြတဲ့၊ဘုရားကိုလာရောက်ကြတဲ့ ကုသိုလ်လုပ်၊သစ္စာဆို၊အဓိဌာန်ပြုကြတဲ့ သဗ္ဗူရိသအနွယ်ဝင် သူတော်စင်အပေါင်းတို့ရဲ့စေတနာအဟုန် ၊တစ်နည်းပြောရမယ်ဆိုရင် Energy ဟာ အဲဒီနေရာတစ်ခုလုံးမှာ မြောက်များစွာအရှိန်အဟုန်နဲ့ ရိုက်ခတ်စီးဝင်စိမ့်ဝင်ပျံ့နှံ့နေတာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့အဓိဌာန်တွေ၊သစ္စာဆိုမှုတွေကို ပြုလုပ်မယ်ဆိုရင် ဘုရားကိုသွားပြီးလုပ်တာက ကောင်းပါတယ်။ ပိုပြီးအစွမ်းထက်ပါတယ်။
မင်္ဂလသုတ်ထဲမှာပါတဲ့ သင့်လျော်လျောက်ပတ်တဲ့နေရာကို ရွေးချယ်ဖို့ဆိုတာ ဒီသဘောအတိုင်းပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘ၀ရည်မှန်းချက်ဟာ ဘာရှိလဲ။ ကိုယ်လုပ်ချင်တာကဘာလဲ။ အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်တဲ့နေရာကို ရောက်အောင်သွားရမှာဖြစ်ပါတယ်။
ဘုရားလက်ထက်တုန်းက ရဟန်းခြောက်ကျိပ်ဟာ ဆွမ်းကွမ်း ဝေယျာဝစ္စတွေအကုန်လုံး ဖြည့်ဆည်းပေးတဲ့ မယ်တော်ကြီးရှိတဲ့အရပ်ကိုရောက်တဲ့အခါမှ ရဟန်းကိစ္စပြီးကြပါတယ်ဆိုတဲ့အကြောင်း ဖတ်ဖူးပါတယ်။ ကိစ္စတစ်ခုအောင်မြင်ဖို့ ပြီးမြောက်ဖို့ဆိုတာ ကိုယ်ရှိနေတဲ့နေရာမှာ ကိုယ့်ကိုပံ့ပိုးပေးတဲ့သူ၊လမ်းပြပေးတဲ့သူ၊ ဆွဲခေါ်ပေးတဲ့သူ တစ်ယောက်ယောက်ကလည်း ရှိနေဦးမှပါပဲ။ အမှီသဟဲလို့လည်းခေါ်နိုင်တာဖြစ်ပါတယ်။ ဘုရားရှင်လည်း ညောင်ပင်ကိုအမှီပြုပြီး ပွင့်တော်မူခဲ့တာဖြစ်ပါတယ်။
လူတွေမှာက မိမိတို့နဲ့ကိုက်ညီတဲ့ နေရာဒေသတွေ အချိန်ကာလတွေ ရှိတတ်ကြပါတယ်။ Right Place/ Right timing လို့ပြောရမှာဖြစ်ပါတယ်။ ဒီအိမ်လေးကိုပြောင်းလာမှ စီးပွားတက်တယ်။ ဒီဆိုင်နေရာလေးရွေ့လိုက်မှ ဈေးရောင်းကောင်းတယ်။ လာဘ်လာဘဝင်တယ်ဆိုတာမျိုးရှိတတ်တယ်။
တချို့ကျတော့လည်း အပြောင်းအလဲတွေလုပ်ရာမှာကိုကြောက်တယ်။ Comfort ဇုန်ထဲမှာနေကြတယ်ပေါ့။ လူတွေရဲ့ဘဝမှာ သက်သောင့်သက်သာနဲ့ Comfortable ဖြစ်ဖို့ Comfort zoom ဆိုတာ လိုအပ်တာမှန်ပေမယ့် အဲဒီထဲမှာနေတာများသွားရင် သိသင့်တဲ့အရာကိုမသိဘူး။ မနေသင့်တဲ့နေရာမှာ ကုတ်ကပ်နေရင် ရောက်သင့်တဲ့နေရာကိုမရောက်တော့ဘူး။ တွေ့သင့်တဲ့သူနဲ့မတွေ့တော့ဘူး။ အဲဒီအခါမှာ ကိုယ့်ဘဝရဲ့ကြီးပွားရာ တိုးတက်ကြောင်း လမ်းတွေဟာ နှောင့်နှေးသွားရတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဘဝတိုးတက်မှုအတွက် ပြောင်းလဲသင့်တာတွေကို ပြောင်းလဲယူရမှာဖြစ်ပါတယ်။
မတူညီတဲ့အတွေ့အကြုံတွေက အသိပညာကို ချဲ့ထွင်ပေးတယ်။ တစ်နေရာတည်းမှာသာနေရင် အသိပညာရှာမယ့်နေရာမှာ တဖြည်းဖြည်း အကန့်အသတ်ရှိလာမယ်။ အတွေ့အကြုံသစ်တွေက သင်ကြားမှုအသစ်တွေ ပေးနိုင်တယ်။
တစ်နေရာတည်းမှာသာနေရင် စိတ်ပိုင်းဆိုင်ရာတိုးတက်မှု မဖြစ်နိုင်ဘူး။ အသစ်တွေကို ကြောက်တာ၊ မသိတဲ့အရာတွေကို မလုပ်နိုင်ဘူးလို့ ထင်တာတွေက စိတ်ပိုင်းဆိုင်ရာအားနည်းမှုတွေကို ဖြစ်စေနိုင်တယ်။ နေရာအသစ်တွေ၊ အတွေ့အကြုံအသစ်တွေနဲ့ ကြုံတွေ့ခြင်းက စိတ်အားထက်သန်မှုနဲ့ စိတ်ခံနိုင်ရည်စွမ်းအားကို တိုးတက်စေတယ်။
ဘယ်အရာမှ အပြောင်းအလဲမရှိဘဲနဲ့ အနယ်ထိုင်နေတဲ့ဘဝဆိုတာမရှိပါဘူး။
၃၈ဖြာမင်္ဂလာမှာတော့ ကုသိုလ်ပညာဥစ္စာရဖို့သင့်တင့်လျောက်ပတ်တဲ့နေရာမှာ နေဖို့ပြောပါတယ်။ နေရာရဲ့သဘောပါတာမို့ နေရာကို ဦးတည်ပြီးပြောဆိုပေမယ့် တကယ်တမ်းမှာ ကိုယ်ဘယ်နေရာကိုရောက်ရောက် ကိုယ့်ရဲ့စိတ်ထဲမှာ ကုသိုလ် သို့မဟုတ် ပညာ သို့မဟုတ် ဥစ္စာကို ဖန်တီးရှာဖွေစုဆောင်းနေတတ်ဖို့အရေးကြီးတာဖြစ်ပါတယ်။
ဥပမာ အိပ်ရာထဲမှာ လှဲနေတယ်ဆိုပါစို့။ တရားစာအုပ်တစ်အုပ်ဖတ်နေတယ်၊ တရားနာနေတယ်၊ အသိကပ်နေတယ်ဆိုရင် ပညာရော ကုသိုလ်ပါ ရနေတာ ဖြစ်ပါတယ်။
လမ်းဆုံးဆိုတာ ဘယ်တော့မှမရှိဘူး။ မျှော်လင့်ချက်မရှိဘူးဆိုတာ ဘယ်တော့မှမရှိဘူး။ စည်းစိမ်ဥစ္စာမရှာဖွေနိုင်ဘူးဆိုရင် ကုသိုလ်တော့ ရှာနိုင်သေးတာပဲ။ အချိန်တိုင်းမှာ ကုသိုလ်စိတ်ဖြစ်အောင်နေနိုင်ရင် ဘယ်နေရာရောက်ရောက် သင့်တင့်စွာနေနိုင်တယ်လို့ နှလုံးသွင်းရမှာပဲဖြစ်ပါတယ်။ ဒါကလည်း မင်္ဂလာတရားတော်နဲ့အညီ နေထိုင်ခြင်းပဲဖြစ်ပါတယ်။
"ကုသိုလ်ပညာဥစ္စာရဖို့ သင့်ရာဒေသအမြဲနေ"
မွန်ဟော်စီ
၂၀၂၅
#monhalsey
#မင်္ဂလာတရားတော်များ
#အကြီးမြတ်ဆုံးသောမင်္ဂလာ